အယ်လီဆန် မကယ်ရင် ရင်နာသွားရနိုင်ပြီး အသင်းကြီးဆန်တဲ့ ပွဲထိန်းနိုင်စွမ်းဖြင့် ပဲလေစ့်ကို အနိုင်ယူ

ပဲလေစ့်အိမ်ကွင်းမှာ သွားကစားတဲ့ ပရီးမီးယားလိဂ်ပွဲကို ၁-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်မှာ လိဂ်ဦးဆောင်သူအဖြစ် ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အသင်းဟာ ပွဲထွက်လူစာရင်း အပြောင်းအလဲ ၄ ခု လုပ်လာခဲ့ကာ ပထမပိုင်း ခြေစွမ်းအရ ကစားပုံကောင်းခဲ့ပါတယ်။ ကွင်းလယ်က သွက်သွက်ကြီး အလုပ်လုပ်နိုင်ခဲ့ကာ ပဲလေစ့်တို့ ဘောလုံးတောင် ကိုင်ချိန်မရအောင် ဖိအားပေးမှုတွေ အသက်ဝင်ခဲ့ပါတယ်။

ဘယ်တောင်ပံကနေ ဂက်ပိုရဲ့ ဖြတ်တင်ဘောကို ဂျိုတာ ဝင်ရောက် ပိတ်သွင်းမှုကလည်း အတော်ကောင်းခဲ့ကာ နောက်ပိုင်း အခွင့်အရေးတွေမှာ ဂျိုတာ ဆက်တိုက် ရုန်းကန်ခဲ့ရပါတယ်။ အကယ်လို့ ဒီပွဲမှာ ဂျိုတာထံက အကောင်းဆုံး အဆုံးသတ်တွေ မြင်ရမယ်ဆိုရင် သူ ၃ ဂိုးလောက်ထိ ရခဲ့နိုင်ပါတယ်။

ပထမပိုင်းမှာ နေရာစုံကနေ လီဗာပူး ကစားပုံ ကောင်းပေမယ့် ဆာလာ တော်တော်လေး ခြေကျနေပါတယ်။ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေပြီး အခြား အသင်းဖော်တွေ လုပ်နိုင်ကိုင်နိုင်နေလို့ အဆင်ပြေနေခဲ့တာပါ။ ကွင်းလယ်ဒိုင် ဟူပါရဲ့ အဝါကတ်တွေကိုလည်း ကြောက်ရပါတယ်။

ဒီပွဲရဲ့ အပြောင်းအလဲက မာကာကို ထုတ်လိုက်တာက စတာပါ။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာ အဝါကတ် ပြခံထားရတဲ့ မာကာ မပါလာတော့ဘဲ ဆိုဘိုဝင်ကစားပါတယ်။ တကယ်တမ်း ပြောရရင် မာကာအပြင် ဂျိုတာလည်း နီမှာ ကြောက်နေရတာပါ။

ဒုတိယပိုင်း ၄၅ မိနစ်မှာ အသင်းခြေစွမ်းက မတည်မငြိမ်တွေဖြစ်ခဲ့ပြီး ဟန်ချက်ညီမှုလည်း ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့်ပဲ ပဲလေစ့်က ဆက်တိုက် အခွင့်အရေးတွေ ရခဲ့တာပါ။ သူတို့ရဲ့ အပိုင် အခွင့်အရေး ၂ ကြိမ်လောက်ကို အယ်လီဆန် ကာကွယ်ပေးခဲ့ရပါတယ်။

ခြေကျနေတဲ့ ဆာလာကို ထုတ်ပယ်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် သူ့နေရာ လူစားဝင်လာတဲ့ ဒီယက်ဇ်ကလည်း ထူးပြီးတော့ ညာခြမ်းမှာ မလုပ်ပြနိုင်ပါဘူး။ သူနေရာမှာ မဟုတ်သလို ဘယ်ခြမ်းကိုပဲ မကြာခဏ ပြန်သွားချင်နေပုံရပါတယ်။

အယ်လီဆန်ပါ ဒဏ်ရာရသွားတဲ့နောက် တကယ့်ကို ရင်ထိတ်ရတဲ့ မိနစ်တွေပါပဲ။ ဒါကြောင့်ပဲ အသင်းဟာ ခြေပဂိုး မပေးရဘဲ အနိုင်ရလဒ် ဆက်ထိန်းဖို့ကိုပဲ အားထုတ်သွားတာဖြစ်ပါတယ်။