

ပဲလေစ့်ကို အဝေးကွင်းမှာ ၁-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကို ဆက်လက် ဦးဆောင်ခွင့်ရထားပါတယ်။
မာကာဟာ ကွင်းထဲမှာ မသက်မသာ ခံစားရတာကြောင့် ကြိုတင် ပြင်ဆင်မှုအဖြစ် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ဒါကို ပွဲအပြီး ကွင်းလယ်လူ ကိုယ်တိုင် ဝန်ခံခဲ့ပေမယ့် ဒဏ်ရာရတဲ့ထိ မပြင်းထန်ဘူးလို့ ပြောသွားပါတယ်။
အယ်လီဆန်ရဲ့ ဒဏ်ရာဟာ လပိုင်းလောက် အနားယူရမယ်လို့ နည်းပြအဖွဲ့က ခန့်မှန်းထားပြီး အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်အပြီး ပွဲပြန်ကစားနိုင်မယ် မသေချာပါဘူး။
ဗုဒ္ဓဟူးနေ့မှာ ပွဲကစားခဲ့ရပြီး စနေနေ့မှာ အစောဆုံးပွဲ ကစားစေတဲ့ အက်ဖ်အေရဲ့ လုပ်ရပ်ကို ပြန်စဉ်းစားဖို့ အာနယ် ဆလော့က ပြစ်တင်ပါတယ်။ တစ်သင်းလုံးကို လူချိန်းပြီး ကစားစေလိုတာလားလို့ မေးခွန်းထုတ်သွားခဲ့တာပါ။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့် ၇ ပွဲမှာ ခံစစ်ပေးဂိုး ၂ ဂိုးပဲ ရှိထားပြီး ဒီမှတ်တမ်းမျိုး နည်းပြကလော့ပ် လက်ထက်မှာတောင် မရခဲ့ပါဘူး။
အာနယ် ဆလော့ဟာ လီဗာပူးနည်းပြ ပထမဆုံး ၁၀ ပွဲမှာ ၉ ပွဲထိ နိုင်အောင် ကိုင်တွယ်ပေးနိုင်တဲ့ ပထမဆုံး နည်းပြဖြစ်လာပါတယ်။
ဂျိုတာဟာ မိနစ် ၉၀ အပြည့် ကစားနိုင်မယ့် တိုက်စစ်မှူး မဟုတ်ဘူးလို့ လီဗာပူးပရိသတ်တွေ ငြီးတွားနေကြပါတယ်။ ပဲလေစ့်ပွဲမှာ ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးဟာ ဒုတိယပိုင်းမှာ ပွဲဖြတ်နိုင်မယ့် အခွင့်အရေးတွေကိုပါ ဖြုန်းတီးခဲ့ပါတယ်။
လူစားဝင်လာပြီး ခပ်ညစ်ညစ် ကစားရမယ့် လုပ်ရပ်တွေအတွက် တာဝန်ယူပေးသွားတဲ့ အန်ဒိုကို သဘောကျနေကြပါတယ်။ အန်ဒိုဟာ ပွဲနောက်ဆုံး မိနစ်မှာဆိုရင် ပဲလေစ့်ဘက်က goal kick မရဖို့ ဘောလုံးကို လက်နဲ့ ဘေးထံ ပုပ်ထုတ်သွားခဲ့တာပါ။
ပဲလေစ့်ပွဲမှာ လူစားဝင်လာခဲ့တဲ့ ဂိုးသမား ဂျာရိုစ့်နဲ့ ပတ်သက်လို့ သူ့ကို အသင်းက ယုံပါတယ်လို့ ဆလော့က ပြောပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ မနှစ်ကရာသီ ဩစတြီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့သူဖြစ်ပါတယ်။