

ပဲလေစ့်ကို အနိုင်ရခြင်းနဲ့အတူ လီဗာပူးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၂ ပွဲဆက် အဝေးကွင်းတွေမှာ နိုင်ပွဲရခဲ့ပါပြီ။ ဒီပွဲထဲမှာ ဘာတွေ ပြောစရာဖြစ်ခဲ့လဲ LFCThaDin ဖတ်ရှုသူတွေဖြင့် ဆွေးနွေးကြည့်မှာဖြစ်ပါတယ်။
အလှည့်ကျ လူထုတ်မှု
ပရိသတ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နည်းပြလုပ်ရမယ့် အလုပ်ထဲမှာ ပွဲထွက်လူစာရင်း ရွေးချယ်မှုလည်း ပါပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် လူစာရင်းအပြင် ရွေးချယ်စရာတွေထဲက အကောင်းဆုံး လူစာရင်းကိုလည်း လုပ်ရမှာပါပဲ။
ပဲလေစ့်ပွဲမှာ လူအပြောင်းအလဲ ၄ ခု လုပ်ခဲ့ပြီး ပထမပိုင်းမှာ အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရပါမယ်။ အသင်း ရုန်းကန်ရလေ့ရှိတဲ့ ၁၂-ခွဲ ပွဲစဉ်ဆိုပေမယ့် ဖိအားပေးနှုန်းကော အခွင့်အရေး ဖန်တီးနိုင်စွမ်းပါ တော်တော်လေး ကောင်းပါတယ်။
ကာတစ်ဂျုံးထံက ကစားပုံကောင်းကောင်း မြင်ခဲ့ရပြီး ပဲလေစ့်ပွဲ ပထမပိုင်းမှာ ကိုစတက်စ်ကလည်း မာကျောစွာ ကစားပေးခဲ့ပါတယ်။
ဂျိုတာ အကောင်းအဆိုး
ပထမပိုင်းမှာ ဂျိုတာဟာ ပါးနပ်တဲ့ အဆုံးသတ်မှုကို ပြသခဲ့ပေမယ့် ဒီပွဲမှာ အဲ့အခိုက်အတန့်ကလွဲရင် သူ့ကို အပြစ်တင်စရာတွေ များခဲ့ပါတယ်။ ပထမပိုင်းမှာ ၂-၀ ဖြစ်လောက်တဲ့ အခွင့်အရေးကို ဂျိုတာ အံ့မခန်း လွဲချော်ခဲ့တယ်။
ဒုတိယပိုင်းမှာလည်း ပွဲဖြတ်နိုင်လောက်တဲ့ အခွင့်အရေးကို သူ ပါးပါးနပ်နပ် ဖန်တီးခဲ့ပေမယ့် အသင်းဖော်ထံ ဘောလုံးပေးဖို့ ကြိုးစားရာမှာ အားနည်းခဲ့ပါတယ်။ ဂျိုတာဟာ မိနစ် ၆၀ လောက်ပဲ သုံးလို့ အဆင်ပြေသေးပြီး မိနစ် ၉၀ အပြည့် ကစားဖို့ ကြံ့ခိုင်မှုပိုင်း မလုံလောက်ဘူး ခံစားရပါတယ်။
အယ်လီဆန် ဒဏ်ရာရပြီး ဂျာရိုစ့် ဝင်လာခြင်း
ပဲလေစ့်ပွဲမှာ လီဗာပူး အနိုင် ၃ မှတ်ရခဲ့တာက အယ်လီဆန်ရဲ့ ထူးချွန် လက်စွမ်းကြောင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ပထမပိုင်းမှာတည်းက ပဲလေစ့်ရဲ့ အပိုင် ကန်ချက်ကို အယ်လီဆန် အံ့မခန်း ကာကွယ်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း သူ မကယ်ရင် လီဗာပူး ၂ ဂိုးလောက် ပြန်ပေးခဲ့ရပါပြီ။
ပဲလေစ့်ရဲ့ ဖိအားပေးမှုကို ဖြေလျော့ပေးနိုင်ရေး ခံစစ်အသင်းဖော်တွေနဲ့ တွဲဘက်ရင်း အယ်လီဆန် တံကောက်ကြော ပြန်နာသွားခဲ့ပြီး သူ့နေရာ ဂျာရိုစ့်နဲ့ လူစားလဲခဲ့ရပါတယ်။ ဂျာရိုစ့် ကိုယ်တိုင်ကလည်း အီဇီရဲ့ အပိုင် ပိတ်ချက်ကို ကာကွယ်ပေးခဲ့ကာ ကျစ်လစ်တဲ့ လက်စွမ်း ပြသသွားပါတယ်။
နိုင်ငံတကာသီတင်းပတ်အပြီး အယ်လီဆန် မပါနိုင်ရင် ကလယ်ဟာက ပထမဂိုးသမား နေရာကို တာဝန်ယူဖို့ရှိကာ ဂျာရိုစ့်က အရန်ဂိုးသမား ဖြစ်လာပါမယ်။
မာကာ၊ ဆာလာ ခပ်စောစော လူစားလဲခံရခြင်း
ဒဏ်ရာဖြစ်မှာဆိုးလို့ မာကာကို လူစားလဲခဲ့တာကလည်း လီဗာပူးရဲ့ ဟန်ချက်ညီနေတဲ့ ကစားဟန်ကို ဖရိုဖရဲ ဖြစ်သွားစေပါတယ်။ ဒုတိယပိုင်း ပဲလေစ့် ကစားပုံ ကောင်းမွန်သလို လီဗာပူးရဲ့ တစ်ဦးချင်း အမှားတွေ ကွင်းလယ်မှာ ပွဲထိန်းပေးနိုင်စွမ်းရှိတဲ့ မာကာ မရှိတော့ခြင်းတွေဟာ ကစားဟန်ကို သက်ရောက်မှု ရှိစေခဲ့ပါတယ်။
ဒီရာသီ လီဗာပူးအသင်းမှာ ဆာလာရဲ့ အရေးကြီးမှုက ထွေထွေထူးထူး ပြောစရာ မလိုပါဘူး။ ပဲလေစ့်ပွဲမှာ လူစားလဲခံရသူ ရှိခဲ့ရင် ဆာလာ ပါဝင်တာလည်း သေချာပါတယ်။ သူ့ရဲ့ ခြေစွမ်းက ပုံမှန် စွမ်းဆောင်ရည်အောက်မှာပဲ ရှိခဲ့ပါတယ်။
ဒါပေမယ့်လို့ ဆာလာ နေရာမှာ လူစားဝင်လာတဲ့ ဒီယက်ဇ်ကလည်း ညာခြမ်းမှာတော့ မလုပ်ပြနိုင်ပါဘူး။ နည်းပြဆလော့ အနေနဲ့ ဂျိုတာကို ညာခြမ်းပို့ပြီး ဂက်ပိုကို အထောင် ဒီယက်ဇ်ကို ဘယ်တောင်ပံ ချိန်းလို့ရပေမယ့် ဆာလာအစား ဒီယက်ဇ် ဝင်စေခြင်းကိုပဲ တိုက်ရိုက် လုပ်ဆောင်သွားပါတယ်။
ပင်နယ်တီ ဖြစ်ရပ်
Look at Van Dijk and Guehi and tell me it’s not a penalty
pic.twitter.com/fmEqLKJGo0— S👻 (@scrapytweets) October 5, 2024
ပဲလေစ့်ဘက်က ဒုတိယပိုင်းမှာ ပင်နယ်တီ တောင်းတဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။ ဗန်ဒိုက်နဲ့ ဂူဟီတို့ ရင်ဆိုင်အတွေ့မှာ ဆွဲထားတယ်ဆိုပြီး ပဲလေစ့်ဘက်က တောင်းခဲ့တာပါ။ ဒိုင်လူကြီးက ခပ်မြန်မြန်ပဲ ပင်နယ်တီ မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
ပဲလေစ့်ပရိသတ်တွေဘက်က ဒီဖြစ်ရပ်ကို ပင်နယ်တီ ပေးသင့်ကြောင်း စောဒကတွေ တက်ခဲ့ပါတယ်။ ၁-၀ ဆိုတဲ့ အခိုက်အတန့်မှာ ပင်နယ်တီ ပေးခဲ့ရင် ပွဲက တော်တော် ခက်ခဲသွားနိုင်ပါတယ်။
ဆာမူရိုင်းကြီး ဝါတာရူ
Endo! 💪 pic.twitter.com/cjhiUKMwOb
— Anything Liverpool (@AnythingLFC_) October 6, 2024
ကွင်းလယ်လူ အန်ဒိုဟာ မိနစ် ၉၀ ပြည့်ချိန်မှာ ပါဝင်လာခဲ့တာဖြစ်ပေမယ့် အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ ပဲလေစ့် ဧရိယာထိပ်မှာ ခန္ဓာကိုယ် တစ်ခုလုံး လျောတိုက်ပစ်ဝင်ပြီး လုယူမှုတွေ၊ ပြိုင်ဘက် ထောင့်ကန်ဘောနားမှာ ဘောလုံးကို Goal Kick အဖြစ် မခံဘဲ ဘေးထံရအောင် ရှင်းထုတ်မှုတွေဖြင့် ကွင်းလယ်ခံစစ်သမား တစ်ဦးအဖြစ် လုပ်ပေးရမယ့် နည်းစနစ်ဖောင်း တာဝန်တွေကို ယူပေးသွားပါတယ်။
ဒါမျိုးကို အရင်တုန်းကဆို မီလ်နာ လုပ်ပေးနေကျဖြစ်ပြီး အန်ဒိုကြောင့်ပဲ နောက်ဆုံး မိနစ်တွေမှာ ပဲလေစ့်ဘက်က ထင်သလို ဖိအားပေး တိုက်စစ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ဇယားထိပ်ကို ဆက်လက် ဦးဆောင်နေကာ အောက်တိုဘာ နိုင်ငံတကာသီတင်းပတ် အပြီးမှာ ပွဲကြီးတွေ ဆက်တိုက်လာပြီဖြစ်ပါတယ်။