လီဗာပူးပရိသတ်တွေကြား မျက်နှာသစ်ဖြစ်နေပေမယ့် တော်ရုံ ကစားသမား မဟုတ်တဲ့ ဂျာရိုစ့်

ပဲလေစ့်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ပွဲချိန် ၇၉ မိနစ်မှာ ဝါရင့် ဂိုးသမား အယ်လီဆန်နေရာမှာ လူငယ်ဂိုးသမား ဂျာရိုစ့် လူစားဝင်ကစားခဲ့ကာ ပထမဆုံး လီဗာပူးကို ကိုယ်စားပြုခွင့်ရခဲ့ပေမယ့် တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် လီဗာပူးအတွက် တစ်ပွဲမှ မကစားပေးဖူးတဲ့ အကယ်ဒမီထွက် ချက်ဂိုးသမားလေး ဆိုပေမယ့် ဂျာရိုစ့်ဟာ အချဉ်တော့ မဟုတ်ပါဘူး။ သူဟာ ၂၀၁၉ တုန်းက မန်စီးတီးကို အနိုင်ယူပြီး လူငယ် အက်ဖ်အေဖလားကို အောင်နိုင်ခဲ့တဲ့ လီဗာပူး လူငယ်အသင်းမှ အဓိက ဂိုးသမားဖြစ်ပါတယ်။

အဆိုပါ လူငယ် အက်ဖ်အေဖိုင်နယ်မှာ လီဗာပူးဘက်က နီကိုး ဝီလီယမ်၊ ရွိုင်းဝီလီယမ်၊ ပေါလ်ဂလေဇာ၊ ဘော်ဘီဒွန်းကန့်တို့ ပါဝင်ခဲ့ကာ ပြိုင်ဘက်မန်စီးတီးအသင်းမှာဆိုရင် ကိုးလ်ပါလ်မာ(ချယ်ဆီး)၊ အဲရစ် ဂါစီယာ(ဘာစီလိုနာ)၊ ဖရန့်ပေါင်း (လေဗာကူဆင်) တို့ ပါဝင်ခဲ့တာပါ။

လူငယ်တန်းကနေ စီနီယာကစားခွင့် စတင်ရှာဖွေလာတဲ့ ဂျာရိုစ့်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီဝက်မှာ ဩစတြီးယားကလပ် Sturm Graz ထံ အငှားထွက်ခဲ့ပြီး အဓိက ဂိုးသမားအဖြစ် လက်စွမ်းပြကာ ပြည်တွင်းပြိုင်ဘက် ဆဲလ်ဘတ်ကို ကျော်လို့ အမှတ်ပေးချန်ပီယံပါဖြစ်ခဲ့ပါတယ်။

ဂျာရိုစ့်ဟာ ယူရိုပါ ကွန်းဖရန့်လိဂ်မှာလည်း ၄ ပွဲ ပါဝင်ကစားခွင့်ရတဲ့ ဥရောပအတွေ့အကြုံပါ ရရှိခဲ့ပါသေးတယ်။ သူဟာ ဩစတြီးယားဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး ဂိုးတွေထဲက တစ်ဦးလို့ ချီးကျူးခံခဲ့ရသလို သူ့ရဲ့ တောက်ပမှုတွေကြောင့် ၂၀၂၄ ယူရိုပြိုင်ပွဲဝင် ချက်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရသေးသူပါ။

ဒါကြောင့်ပဲ အတ်ဒရီယန် ထွက်သွားချိန်မှာ တတိယဂိုးသမား မရှာတော့ဘဲ ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ လီဗာပူးအတွက် homegrown စာရင်းဝင်တဲ့ ဂျာရိုစ့်ကို ဆက်ထိန်းခဲ့တာဖြစ်ပါတယ်။ ဒီထဲက အကြောင်းအရာ တချို့ကို နွေတုန်းကပဲ LFCThaDin ဖတ်ရှုသူတွေအတွက် ကျနော်တို့ ဖော်ပြခဲ့ဖူးပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီ နွေစျေးကွက်မှာ ကလယ်ဟာကို လက်လွတ်ရရင် သူ့နေရာ ဂျာရိုစ့်နဲ့ တိုက်ရိုက် အစားထိုးနိုင်ဖို့ထိ ရည်ရွယ်ထားသေးတာ ဖြစ်ပါတယ်။