ကာတစ်ဂျုံးဟာ လီဗာပူးအသင်းမှာ ထိုးဖောက်ကျော်လွှားရမယ့် အခိုက်အတန့်တစ်ခု ကြုံတွေ့နေတာ ဖြစ်နိုင်တယ်လို့ ဂျေမီကာရေဂါက ပြောဆိုခဲ့ပါတယ်။
လက်စတာကို ၃-၀ နဲ့ အနိုင်ရရာမှာ ၂ဂိုး သွင်းယူပေးခဲ့တဲ့ ကာတစ်ဂျုံးဟာ ကလော့ပ်ရဲ့ စနစ်သစ်မှာ ၉ ပွဲဆက်တိုက် နေရာရနေသလို အဓိကကျတဲ့ အသင်းသား ဖြစ်လာနေပါပြီ။ အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် နည်းပြရဲ့ ယုံကြည်မှုနဲ့ ပရိသတ်တွေထံက အသိအမှတ်ပြုမှုကို ရဖို့ အကောင်းဆုံး အချိန်တစ်ခု ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။
“ အခု ဂျုံးကို မြင်နေရတာက ယုံကြည်မှုရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ ပုံစံပါပဲ။ အခုချိန်မှာ သူ တကယ် ထိုးဖောက်လာတဲ့ အခိုက်အတန့် တစ်ခုကို ကျနော်တို့ မြင်နေရတာလို့ ထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူဟာ အသင်းရဲ့ နာမည်ကြီး ကစားသမား အချို့ကို ကျော်ပြီး နေရာရခဲ့တယ်။ တကယ်ကို ကောင်းကောင်း အလုပ်ဖြစ်နေခဲ့တာပါ။ ရုတ်တရတ်ပဲ မနှစ်ကရာသီမှာ အလုပ်ဖြစ်မလာခဲ့ဘူး။ ဒီရာသီမှာလည်း သူ့အတွက် အဆင်မပြေတာတွေ အများကြီး ရှိခဲ့တယ်။
သူ့ရဲ့ နောက်ဆုံး ၆ပွဲ၊ ၇ပွဲလောက်ကို ကြည့်ပြီး ‘အိုကေ.. ဒါက အသင်း လူစာရင်းထဲက အသင်းသား တစ်ဦး ဆိုတာထက် ပိုတဲ့သူပဲ.. ကစားသမားသစ်တွေ ဝယ်လိုက်ရင်တောင် အသင်းကြီး ပွဲထွက်စာရင်းထဲပါဖို့ တွန်းအားပေးနိုင်မယ့် အသင်းသားမျိုး’ ဆိုပြီး တွေးမိတယ်။
ချိန်ဘာလိန်၊ ကိတ်တာ၊ မီလ်နာတို့ ထွက်သွားတော့မယ်။ သူက အသင်းမှာ အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်လာဦးမှာပါ ” လို့ ကာရေဂါက ဆိုပါတယ်။
ဂျုံးစ်ဟာ ၂၀၁၉ မှာ လီဗာပူးအတွက် စတင် ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပြီး ထရန့်နောက် ကလပ်ရဲ့ အတောက်ပဆုံး အကယ်ဒမီ အသင်းသားအဖြစ် ယုံကြည်ခံခဲ့ရတာပါ။ ဘောလုံးကိုင်လွန်းတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရခဲ့တဲ့ ဂျုံးက ဒီတစ်ကြိမ် ဒဏ်ရာက ပြန်သက်သာလာချိန်မှာ အတော်လေးကို ရင့်ကျက်သွားတာကို မြင်နေရပါတယ်။
“ သူ့အနေနဲ့ ပိုပြီး တည်ငြိမ်မှုရဖို့ လိုတယ်။ တခါတလေ သူက နည်းနည်းလေး ယုံကြည်မှု လွန်ကဲတတ်တယ်။ ဘောလုံးကိုင်တာ အရမ်းများလွန်းတယ်။ ဘောလုံးရပြီး ၂ချက်လောက် ထိကစားလိုက်ရင် သူ့ အင်အားကောင်းတွေ ရလာပြီးတော့ ဂိုးခြိမ်းခြောက်မှု လုပ်နိုင်တာ ရှိပါတယ်။
လီဗာပူးမှာ ဒီလို ကွင်းလယ်လူမျိုး မတွေ့ရတာတော့ ကြာပါပြီ။ လက်ရှိ လီဗာပူး ကစားနေသလို လိုင်တွေကြားမှာ ပြေးလွှား ကစားပေးဖို့အတွက် သူက သင့်လျော်သူ တစ်ဦးပါပဲ ” လို့ ကာရေဂါက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။