

အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးအသင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့နောက် ပြင်ပမှာ အတော်လေး ဆူညံဆူညံတွေဖြစ်နေပါတယ်။
ဘောလုံး သုံးသပ်သူ အများအပြားက လီဗာပူးကို လျော့မတွက်ကြဖို့ တိုက်တွန်းနေကြသလို ဂယ်ရီနဗီးလို ယူနိုက်တက် ကစားသမားဟောင်းကတော့ ဆလော့ရဲ့ အသင်းဟာ မန်စီးတီး၊ အာဆင်နယ်တို့ထက် တစ်ဆင့်နိမ့်ပါတယ်လို့ မှတ်ချက်ပေးနေတာပါ။
၇ ပွဲကစားပြီး အပြင်ဘက်က ထင်မြင်ချက်တွေ အမျိုးစုံနေအောင် ထွက်နေပေမယ့် ဘာတွေပြောပြော ဂရုစိုက်နေမှာ မဟုတ်ကြောင်း လီဗာပူးနဲ့ သူ့ရဲ့ ပစ်မှတ်ဟာ နောက်ဆုံးနေ့အထိ ပါဝင် ယှဉ်ပြိုင်ရေးနဲ့ အဆုံးမှာ အောင်မြင်ရေးပါပဲလို့ လီဗာပူးအသင်းခေါင်းဆောင်က ဆိုပါတယ်။
ဗန်ဒိုက်က ပြောရာမှာ ” နားထောင်နော်။ အသင်းတိုင်းအပေါ်မှာ မျှော်လင့်ချက်တွေတော့ ရှိတတ်ကြတာပဲ။ အပြင်ဘက်က ကျနော်တို့နဲ့ ပတ်သက်ပြီး ဘာတွေပဲ ပြောနေနေ ကျနော်တို့ ဂရုမစိုက်ပါဘူး။
ကျနော်တို့က တိုးတက်လာချင်တယ်၊ ကျနော်တို့ စိန်ခေါ်ချင်တယ်။ နောက်ဆုံးနေ့အထိ ပါဝင် ယှဉ်ပြိုင်ချင်သလို အောင်လည်းအောင်မြင်ချင်တယ်။
အဲ့အပေါ်မှာပဲ ကျနော်တို့ အာရုံစိုက်ထားတယ်။ အခြားသူတွေ ကျနော်တို့အပေါ် ဘယ်လိုမြင်မြင် ဂရုမစိုက်ပါဘူး။ အခုချိန်မှာ ကျနော်တို့ ရမှတ်တွေ အတော်လေး စုဆောင်းထားနိုင်တယ် ဒါပေမယ့် နောက်ထပ် ရမှတ် အများကြီး ကျနော်တို့ ရချင်ပါတယ်။
နိုင်ငံတကာသီတင်းပတ် အပြီးမှာ ပွဲကြပ်တွေလာတော့မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ပွဲကြပ်တွေကို ဘာလို့ မပျော်ရမှာလဲ? ကျနော်တော့ အဲ့ပွဲတွေကို စောင့်မျှော်နေပါတယ်။ လီဗာပူး တစ်သင်းလုံးလည်း ဒီပွဲတွေကို စောင့်မျှော်နေစေချင်ပါတယ် ” လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။