

ရာသီကုန်ရင် စာချုပ်ကုန်တော့မယ့် ဆာလာ၊ ထရန့်၊ ဗန်ဒိုက်တို့ကို သက်တမ်းတိုးရေးဟာ တိုးတက်လာတဲ့ အခြေအနေမှာ ရှိမနေသလို စာချုပ်ကိစ္စ စကားပြောဆိုဖို့ ခက်ခဲနေပါတယ်။
ဒီအကြောင်းကို လီဗာပူးအသင်းနဲ့ နီးစပ်တဲ့ နာမည်ရှိ သတင်းထောက် အားလုံးနီးပါးက တနင်္လာနေ့မှာ ဖွင့်ချလာတာပါ။
အသင်းဟာ ကိုနတေးနဲ့ ကွမ်းဆက်တို့ နှစ်ဦးကို စကားပြောဖို့ နီးစပ်နေကြောင်း (ညပိုင်းမှာတော့ ကွမ်းဆက်ကို စာချုပ်ချုပ်နိုင်ကြောင်း လီဗာပူးဘက်က ကြေညာခဲ့) သတင်းပေးလာခဲ့ပြီး အဓိက ကစားသမား ၃ ဦးရဲ့ ကိစ္စကတော့ အဆင်မပြေဘူးလို့ ဖော်ပြလာခဲ့ကြတယ်။
စာချုပ်သက်တမ်းကိစ္စလား၊ လုပ်ခလစာကိစ္စလား မသိရသေးပေမယ့် အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က စကားပြောမှုကို ဆက်လုပ်သွားမယ် သိထားရပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ Bosman စည်းမျဉ်းအရ သူတို့ ၃ ဦးလုံးဟာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ စကားပြောဆိုကာ အကြိုသဘောတူညီမှု ယူထားခွင့်ရှိမှာဖြစ်ပါတယ်။
တချိန်တည်းမှာ ကောလဟာလ သတင်း ၂ ခုလည်း ထွက်လာနေပါတယ်။
ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ကို ၃ နှစ် စာချုပ်ရလိုပါတယ်။ အဲ့ဒါဆိုရင် သူ့ရဲ့ စာချုပ် ကုန်ဆုံးချိန်မှာ အသက် ၃၆ နှစ်အရွယ် ရှိနေမှာဖြစ်ပါတယ်။ ဒီအချက်ဟာ လီဗာပူးအသင်းအတွက် အဓိက စဉ်းစားစရာဖြစ်နိုင်ပါတယ်။
နောက်ထပ်သတင်းက ရီးရဲလ်မက်ဒရစ်ဟာ အသင်းခေါင်းဆောင် ကာဗာဂျယ်နေရာမှာ ရေရှည် အစားထိုးဖို့ ထရန့်ကို ရွေးချယ်ထားပါပြီ။ ကာဗာဂျယ် ဒဏ်ရာရနေလို့ ထရန့်ကို ဇန်နဝါရီမှာတင် စကားပြောဖို့လည်း ရီးရဲလ်ဘက်က စိတ်အားထက်သန်နေတယ် သိရပါတယ်။