

လီဗာပူး လက်ထောက်အသင်းခေါင်းဆောင် ထရန့်က သူ့ရဲ့ ကစားသမားဘဝမှာ လူငယ်ဘဝတုန်းကပဲ ဆုဖလားအောင်မြင်ခဲ့သူ ဆိုတာမျိုး အဖြစ်မခံလိုဘူးလို့ ပြောလာပါတယ်။
အသက် ၂၆ နှစ်အရွယ် ညာအစွန်လူဟာ သူ့အသက် ၂၂ နှစ်အရွယ်မှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်လို ဆုဖလားတွေကို အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတွေနဲ့ပဲ ကျေနပ်နေခဲ့ရတာပါ။
ထရန့်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၅ နွေမှာ စာချုပ်ကုန်မှာဖြစ်ကာ အခုချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရထားသေးပါဘူး။
သူ့ကစားသမားဘဝနဲ့ ပတ်သက်လို့ ITV ကတစ်ဆင့် ထရန့်ကပဲ “ ကျနော် ကစားသမားဘဝ အကောင်းဆုံး အသက်အရွယ်ကို ရောက်လာနေပါပြီ။ လူငယ် ကစားသမားဘဝမှာပဲ ဆုဖလား အောင်မြင်ခဲ့ဖူးသူ တစ်ဦး မဖြစ်ချင်ပါဘူး။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေဆိပ်မှာ စောင့်နေစဉ် အီဇီနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ ကျနော် အနေနဲ့ ကစားသမားဘဝမှာ ဆုဖလားတွေ ထပ်မရတော့တာမျိုး ဖြစ်သွားနိုင်သလို၊ နောက်ထပ် ဆုဖလားတွေ အများကြီး အောင်မြင်တာမျိုးလည်း ဖြစ်လာနိုင်တဲ့အကြောင်း သူ့ကို ပြောပြဖြစ်ခဲ့တယ်။
ကစားသမားဘဝ အနားယူသွားတဲ့ အချိန်ကျမှပဲ မှန်ရှေ့မှာ ကိုယ့်ဘာသာ ရပ်ကြည့်ခဲ့ရင် ကိုယ်ရခဲ့တာတွေအတွက် စိတ်ကျေနပ်လား ဒါမှမဟုတ် နောင်တရလား သိရပါမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကစားသမားဘဝကို သွင်းဂိုးတွေ၊ ဂိုးထောက်ပံ့မှုတွေ၊ ဆုဖလားတွေနဲ့ပဲ အကဲဖြတ်လို့တော့ မရပါဘူး။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ထရန့်ကို လီဗာပူးဘက်က စာချုပ်သစ်ပေးဖို့ ကြိုးစားနေပေမယ့် သဘောတူညီမှု မရသေးပါဘူး။ ၂၀၂၅ ဇန်နဝါရီကစလို့ မာဆေးဆိုဒ်သားဟာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ စကားပြောခွင့်ရှိမှာပဲ ဖြစ်ပါတယ်။