အင်တာမီလန် ကွင်းလယ်လူ ဇီလင်စကီးက ၂၀၁၆ မှာ သူ လီဗာပူးအသင်းထံ ပြောင်းလာဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပိုလန်ကြယ်ပွင့်ကို အလေးအနက် စိတ်ဝင်စားခဲ့ကာ ဆေးစစ်ဖို့ ပြင်ဆင်ခဲ့တဲ့ထိ သတင်းကြီးတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြီးသတ် ပြောင်းရွှေ့ဖို့ ဖြစ်မလာခဲ့သလို နောက်ပိုင်းမှာ နာပိုလီထံ ယူရို ၁၆ သန်းဖြင့် ရောက်သွားခဲ့တာပါ။
ကွင်းလယ်လူ ကိုယ်တိုင်ကတော့ သူ နာပိုလီထံ မပြောင်းခွင် လီဗာပူးနဲ့ ဆွေးနွေးခဲ့ပြီး ကလော့ပ်နဲ့တွေ့ဆုံဖို့ သီးသန့်လေယာဉ်ဖြင့် အင်္ဂလန်ကိုပါ ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
“ ယာဂင်က သူ့အိမ်လာဖို့ ကျနော်ကို ဖိတ်ခဲ့တယ်။ လီဗာပူးဘက်ကလည်း ကျနော်ကို လာခေါ်ဖို့အတွက် သီးသန့်ဂျက်လေယာဉ်တောင် ပို့ပေးခဲ့ပါတယ်။
ကလော့ပ်က သူ့အတွက်တော့ ကျနော်ဟာ ဖာဘရီဂတ်စ်နဲ့ ဂွမ်ဒိုဂန်တို့ကို ရောမွှေထားတဲ့ ကစားသမားပါလို့ ပြောခဲ့တယ်။ သူ ပြောတာကို ကျနော် နားမလည်ပေမယ့် ကျနော် အေးဂျင့်က ဂျာမာန်လို ပြောတတ်တော့ ကလော့ပ် ချီးကျူးသမျှ ပြန်ပြောပြတာပေါ့။
ကျနော် ကလော့ပ် အိမ်ကထွက်တော့ ဓါတ်ပုံအတူ တွဲရိုက်ခဲ့သလို ဂွတ်ဘိုင်လို့ နှုတ်ဆက်ခဲ့ကြပါသေးတယ် ” ဆိုပြီး ဇီလင်စကီးက ပြောပြပါတယ်။
အပြောင်းအရွှေ့ မဖြစ်ခဲ့တာကတော့ လီဗာပူးဘက်က ယူရို ၁၈.၅ သန်းဖြင့် ကမ်းလှမ်းပေမယ့် အူဒီးနီဘက်က စျေးတိုးတောင်းခြင်းကြောင့် လီဗာပူးဘက်က ဆက်မလိုက်တော့ဘဲ နောက်ဆုတ်ခဲ့တာပါလို့လည်း ဇီလင်စကီးက ထုတ်ပြောသွားခဲ့သေးတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဇီလင်စကီးကို မခေါ်ယူနိုင်တဲ့နောက် နယူးကာဆယ်မှ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ပေါင် ၂၅ သန်းဖြင့် ပြောင်းလဲ ချိတ်ဆက်သွားခဲ့တာပဲ ဖြစ်ပါတယ်။