“နာမည် တပ်ပြောမနေတော့ပါဘူး” ဆိုပြီး ကပ်ကြီး ဟန်ဒိုကို စနောက် သွားတဲ့ ယာဂင်ကလောပ့်

လီဗာပူး ညာအစွန်လူ ထရန့်ဟာ ဒီရာသီ သူ့ရဲ့ ၄ ဂိုးမြောက် သွင်းဂိုးကိုတော့ တည်ကန်ဘောကနေ လှလှပပ သွင်းယူခဲ့ပါတယ်။

ဒီလို သွင်းဂိုးကို စတမ်းဖိုဒ့်ဘရစ်ချ်မှာလည်း သူသွင်းယူခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကလည်း ပဲလေစ့်ပွဲမှာ ဒီပုံစံအတိုင်း ထရန့် ဂိုးရလု ဖြစ်ခဲ့ပေမယ့် အသင်းဖော် ဟန်ဒါဆန်နဲ့ ထိခဲ့တာမို့ လွဲချော်ခဲ့ရပါတယ်။

လက်စတာပွဲအပြီးမှာ ထရန့်ရဲ့ သွင်းဂိုးအတွက် ဂုဏ်ယူနေတဲ့ ကလော့ပ်က ဒါဟာ သူ့အကြံဖြစ်ကြောင်း ထုတ်ပြောခဲ့သလို ပြီးခဲ့တဲ့ အကြိမ် ဟန်ဒါဆန်ကြောင့် လွဲခဲ့တာကိုပါ အရိပ်အမြွက် ပြောဆိုပြီး စနောက်ခဲ့ပါသေးတယ်။

“ တတိယဂိုးက ဘယ်လောက်တောင် ကောင်းတဲ့ လုပ်ရိုးလုပ်စဉ်မျိုးလဲကွာ၊ သိပ်သဘောကျမိတယ်။ ဒါက ကျနော်တို့ သွင်းခဲ့တဲ့ အကောင်းဆုံး တည်ကန်ဘောပဲ။ အအောင်မြင်ဆုံးလည်း ဟုတ်ပါတယ်။

တကယ်ဆိုရင် ဒီရာသီမှာ အဲ့လို တည်ကန်ဘောမျိုးကနေ ၃ ကြိမ် ဂိုးရခဲ့သင့်တာပါ။ ဒါပေမယ့် ကျနော်တို့က ကိုယ်ရမယ့် ဂိုးအတွက် ကိုယ့်ဘာသာ ကာကွယ်ပေးခဲ့မိတယ်။ နာမည်တော့ မပြောတော့ပါဘူး။ (ပြုံးရယ်လျက်) ယူကျူ့ကနေ ရှာကြည့်ကြပေါ့။

ကာကွယ်မှုပိုင်းတွေမှာ ကျနော်တို့ အလုပ်နည်းနည်းလုပ်ခဲ့တယ်။ ဒါပေမယ့် အခု အဲ့လို တည်ကန်ဘောတွေမှာ တိုက်ရိုက်ဖြစ်စေ ထောင့်နှစ်ခုလုံးကိုဖြစ်စေ ကျနော်တို့ ကန်သွင်းနိုင်ပါတယ်။ ဒီအခြေအနေမျိုးကနေ ကျနော်တို့ ဂိုးတွေ သွင်းယူနိုင်လေ့ ရှိနေပါပြီ။

အဲ့ဧရိယာတဝိုက်မှာ ကျနော်တို့ ရှိနေနိုင်တဲ့ အချိန်တွေရယ်၊ ပြိုင်ဘက်ဘက် ပြစ်ဒဏ် ကျူးလွန်မှုတွေရယ်ကို ကျနော်တို့ အသုံးချနိုင်ဖို့ လိုပါတယ်။ ဒီနည်းလမ်းအတွက် ကျနော်ကို အသိအမှတ်ပြုရမှာပါ။ ဒါက ကျနော်ရဲ့ ဂိုးလို့ ပြောခဲ့ပြီးပါပြီ ” လို့ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

ထရန့်ကလည်း သူ့ရဲ့ သွင်းဂိုးဟာ ကလော့ပ်ရဲ့ လမ်းညွှန်မှုကြောင့်လို့ ဝန်ခံပါတယ်။ “ နည်းပြက တည်ကန်ဘောတွေမှာ ကျနော်တို့ကို အဲ့လို ကြိုစားဖို့ တိုက်တွန်းထားတာပါ။ ဒါမျိုး ကျနော်တို့ လုပ်ကြည့်နေတာ ကြာပါပြီ ” လို့ ထရန့်ကလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။