လီဗာပူးဟာ ဒီနွေရာသီမှာ ကွင်းလယ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်တော့မယ်ဆိုတာ အားလုံးအသိပါပဲ။ လက်ရှိ ကွင်းလယ်မှာ တာဝန်ယူနေတဲ့သူတွေဟာလည်း လာမယ့်ရာသီ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်ထားကြမှာဖြစ်ပါတယ်။
တိုတောင်းတဲ့ ရာသီကြိုကာလ ပြီးကတည်းက ဖာဘင်ညိုဟာ တစ်ရာသီလုံး ရုန်းကန်နေခဲ့ရပါတယ်။ ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာ သူ့ရဲ့ စိုးရိမ်ဖွယ် ပုံမှန်ခြေစွမ်းအောက် ကျဆင်းမှုက ခက်ခဲတဲ့ရာသီအစကို ဖြစ်စေခဲ့ပါတယ်။ ၂ပတ်အကြာ ယူနိုက်တက်နဲ့ပွဲမှာ သူ ချန်လှပ်ခံခဲ့ပြီး ဒါတွေကို ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
နှစ်သစ်ကူးကာလမှာ ဆယ်ကျော်သက်ကြယ်ပွင့် ဘာ့ဆီတစ်က သူ့ကို ကျော်ပြီး နေရာရသွားတော့ စိတ်ဓာတ်ကျမှုတွေနဲ့ လူစားဝင်ကစားခွင့်မှာလည်း ဘာမှမလုပ်ပြနိုင်တာက ပိုဆိုးစေခဲ့တာပါ။ ဒီနွေမှာ လီဗာပူးက သူ့ကို ရောင်းထုတ်နိုင်တယ်လို့ သတင်းတွေ ထွက်လာတဲ့ထိပါပဲ။
ဒါပေမယ့် ဖာဘင်ညိုဟာ သူရင်ဆိုင်ရမယ့် အခက်ခဲနဲ့ စိန်ခေါ်မှုတစ်ခုကို ရှောင်ပြေးခဲ့တဲ့သူ မဟုတ်ခဲ့ပါဘူး။ နွေအပြောင်းအရွှေ့မှာ ကွင်းလယ်လူသစ် ၂ယောက် ၃ယောက်လောက် ရောက်လာရင် နေရာပြိုင်ဆိုင်မှုတွေက ပိုပြီးတော့ ပြင်းထန်လာဦးမယ်ဆိုတာ သူသိမှာပါ။
အနိမ့်ဆုံး အခြေအနေထိ ရောက်ခဲ့ပေမယ့် ဒီကာလတွေအတွင်း လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အနည်းငယ် ပြန်ပေါ်ထွက်လာခြင်းမှာ ဖာဘင်ညိုက သူ့ရဲ့ အရေးပါမှုကို ထင်ရှားစေခဲ့ပါတယ်။
ဖာဘင်ညိုဟာ ပုံစံကောင်းတချို့ ပြန်ရလာခဲ့ပြီး လက်စတာနဲ့ပွဲဟာ သူ့ရဲ့ ပရီးမီးယားလိဂ်မှာ ၁၃ကြိမ်ဆက် ပွဲထွက်ခွင့် ဖြစ်ပါတယ်။ ကွင်းလယ်မှာ ခြေပြန်မှန်လာတဲ့ ဘရာဇီးသားဟာ ဖျက်ထုတ်မှုတွေလုပ်ပြီး ပွဲကို ကောင်းကောင်း ဖတ်နိုင်စွမ်းနဲ့အတူ အန္တရာယ်ကို ကြိုမြင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဘောလုံးဖြန့်ဝေမှုတွေ လုပ်ပေးပါတယ်။
လီဗာပူးရဲ့ ကစားကွက်အသစ် အသားကျမြန်ခြင်းဟာ သူ့အားသာချက် ဖြစ်တဲ့ နေရာအလိုက် ပါးနပ်အကွက်မြင်တတ်ပုံကြောင့်လည်း ပါဝင်ပါတယ်။ သူ့ဘေးမှာ ထရန့် ရှိနေတာနဲ့အတူ ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကို ကူညီပေးရမယ့် တာဝန်တွေမှာလည်း လေးလံထိုင်းမှိုင်းနေတာမျိုး မရှိတော့ပါဘူး။
ဖာဘင်ညိုရဲ့ အကူအညီပေးမှုတွေက လီဗာပူးရဲ့ ဒုတိယဂိုး ပြီးပြီးချင်းမှာ အသိသာဆုံး ဖြစ်ခဲ့ပြီး သူ့ရဲ့ ချက်ချင်း ဖိအားကြမ်းကြမ်းပေးပုံကြောင့် ကိုဒီဂက်ပိုအတွက် ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး ဖြစ်စေခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ သူဟာ ယုံကြည်မှု၊ အဆုံးအဖြတ် ပေးနိုင်စွမ်းတွေနဲ့ ပွဲကို ထိန်းကျောင်းခဲ့ပြီး ယခင် ဖာဘင်ညိုကို ပြန်မြင်တွေ့ခဲ့ရပါတယ်။
“မင်းတို့က ဒီဂျာစီဝတ်ဖို့ မတန်ဘူး” ဆိုတာက လီဗာပူးကို ဂိုးပြတ် ရှုံးပွဲကြောင့် တန်းဆင်းရဖို့ ပိုပြီး နီးစပ်သွားတာနဲ့အတူ ဒေါသဖြစ်နေကြတဲ့ လက်စတာအသင်း ပရိသတ်တွေတွေက ပွဲအပြီးမှာ သူတို့အသင်းကို ဝေဖန်လှောင်ပြောင်ခဲ့ကြပါတယ်။
ဒါပေမယ့် ဖာဘင်ညိုကတော့ ဒီရာသီပြီးသွားတဲ့ နောက်ပိုင်းမှာလည်း လီဗာပူးဂျာစီကို ဆက်လက် ဝတ်ဆင်ခွင့်ရဖို့ ထိုက်တန်သူ ဆိုတာကို သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။