

လီဗာပူးအသင်းအတွက် ခက်ခဲတဲ့ပွဲကြပ်ကာလတစ်ခု စတင်နေပြီဖြစ်ကာ ကြားရက် လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲပြီးရင် ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ် ရေပန်းစား အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဆင်နယ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။
အာဆင်နယ်အသင်းဟာ လက်ရှိ နည်းပြအာတီတာ လက်အောက်မှာ ၅ နှစ်ကျော် ရှိလာနေတာမို့ အသားကျနေတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ဒီရာသီမှာ ပုံစံကောင်းတွေ ပြဖို့ ရုန်းကန်နေရပါတယ်။
ဒီပွဲမှာ လီဗာပူးက အနိုင်ရမယ်ဆိုရင် ဖလားရနိုင်ချေ မြင့်မားတဲ့ အသင်းကို ၇ မှတ်ထိ ဖြတ်နိုင်မှာဖြစ်တာကြောင့် အာဆင်နယ်ဘက်က ဒီလိုဖြစ်ရေး လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။
၎င်းတို့အတွက်လည်း ဒီပွဲနိုင်မှ လီဗာပူးနဲ့ ၁ မှတ်အကွာကို ပြန်ချဉ်းကပ်နိုင်မယ့် သေရေးရှင်ရေးလို ပွဲစဉ်ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ပွဲကြိုမှာ အာတီတာကတော့ “ ကျနော်ကို ယုံပါ။ တနင်္ဂနွေနေ့ လီဗာပူးပွဲကျရင် ကျနော်တို့ အာဆင်နယ်က အရမ်းကို ကောင်းနေမှာပါ။ ဒါနဲ့ပတ်သက်လို့ ကျနော် ပြောတာကို ယုံ ” လို့ ဆိုသွားပါတယ်။
ဆလော့ရဲ့ အသင်းဟာ ဒီကနေ့ည လိုက်ဇစ်ပွဲကိုပဲ အာရုံစိုက် ယှဉ်ပြိုင်ရမှာဖြစ်ကာ အဲ့ပွဲအပြီး လန်ဒန်ကို ထပ်မံခရီးထွက်လို့ အာဆင်နယ်ပွဲ ယှဉ်ပြိုင်ရပါမယ်။
အာဆင်နယ်ပွဲအပြီးမှာလည်း လေဗာကူဆင်၊ အက်စတွန်ဗီလာတို့နဲ့ ဆက်လက် ထိပ်တိုက်တွေ့မှာဖြစ်ကာ ရလဒ်ကို ဦးတည်ကစားရတော့မှာဖြစ်ပါတယ်။