ဒီအပတ် စနေနေ့မှာ အနိုင် ၃ မှတ် အရင် ရယူပြီးမှ ဘော်ဘီ အပါအဝင် အသင်းဖော်တွေကို စိတ်မကောင်းစွာ နှုတ်ဆက်ပါမယ်လို့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဖွင့်ဟပါတယ်။ ဟန်ဒါဆန်ကပဲ ဘော်ဘီကို ဆုံးရှုံးတာ အတော်လေး နစ်နာမှုပါပဲလို့ ထပ်လောင်း ပြောဆိုပါတယ်။
မန်နေဂျာ ပိုချက်တီနိုက လီဗာပူးပစ်မှတ်တွေဖြစ်တဲ့ မေဆန်မောင့်၊ လီဗီ ကိုးဝဲလ်နဲ့ ဂါလယ်ဂါတို့ ၃ ဦးလုံးကို ပြိုင်ဘက်အသင်းထံ ပြောင်းခွင့်မပေးဘဲ ဆက်ထိန်းထားဖို့ ဆန္ဒရှိတယ်လို့ လန်ဒန်သတင်းတွေက ဖော်ပြပါတယ်။
တိုက်စစ်မှူး မာနေးကို ဒီနွေမှာ ဘိုင်ယန်မြူးနစ်က ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဆီနီဂေါ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ထံ ပြန်ရောက်လာနိုင်ပါတယ်။ လီဗာပူးကတော့ တစ်နှစ် ယူရို သန်း ၂၀ ပေးရမယ့် တိုက်စစ်မှူးကို ပြန်ခေါ်ဖို့ စိတ်မဝင်စားပါဘူး။
ဒီအပတ် အက်စတွန်ဗီလာပွဲမှာ ဘော်ဘီ ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု ကောင်းနေမယ်လို့ အသင်းဘက်က မျှော်လင့်ထားပါတယ်။ လက်တလောမှာ ဘော်ဘီကို ဂုဏ်ပြုမှု အချို့ ပြုလုပ်ဖို့ ပရိသတ်တွေဘက်ကလည်း ပြင်ဆင်နေပါပြီ။
စပို့တင်း ကွင်းလယ်လူ အူဂါတီဟာ ဒီနွေမှာ အသင်းပြောင်းမှာဖြစ်ပြီး လက်တလောမှာ ပရီးမီးယားလိဂ်ကလပ် ၃ သင်းနဲ့ ချိတ်ဆက်မှု စတင်ထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ထဲမှာ လီဗာပူး မပါလာဘူးလို့ သတင်းထွက်နေပါတယ်။
ကာတစ်ဂျုံး၊ ထရန့်နဲ့ ဆာလာတို့ဟာ ဒီအပတ် ဘီဘီစီရဲ့ အကောင်းဆုံး အသင်းထဲမှာ ပါဝင်လာခဲ့ကြပါတယ်။
အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် ရိုမန်နိုနဲ့ လန်ဒန်အခြေစိုက် သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ အယ်လစ္စတာကို ခေါ်ယူနိုင်ဖို့ အတော်လေး ရေပန်းစားနေတဲ့ အခြေအနေလို့ ဆက်တိုက် ဖော်ပြနေကြပါတယ်။
ဂရာဗင်ဘက်ချ်ဟာ လီဗာပူးရဲ့ အစဉ်အလာကြီးမှုကို အထင်ကြီးပြီး ဒီနွေမှာ အသင်းပြောင်းလိုနေပေမယ့် သောမက်စ် တူချယ်က နယ်သာလန်သား ကွင်းလယ်လူကို ရောင်းထုတ်လိုခြင်း မရှိပါဘူး။
၂၀၂၀ မှာတုန်းက လီဗာပူးအသင်းဟာ အိုဆင်ဟမ်ကို ရဖို့ အတော်လေး နီးစပ်ခဲ့ပြီး နာပိုလီ ဒါရိုက်တာ Cristiano Giuntoli က တိုက်စစ်သမားကို ဟိုတယ်မှာ ၃ ရက် ပိတ်ထားပြီး မနည်း ဆွေးနွေး ညိနှိုင်းခဲ့ရတယ်လို့ ဒါရိုက်တာဖြစ်သူရဲ့ တွဲဘက်ဟောင်းက ဖွင့်ချသွားပါတယ်။
PFA Fans’ Player of the Year ဆုအတွက် ဆန်ကာတင်စာရင်းထဲမှာ ဟာလန်း၊ ဒီဘရိုင်း၊ အိုဒီဂတ်၊ ဆာကာ၊ ဟယ်ရီကိန်းနဲ့ ရက်ဖိုဒ့်တို့ ပါဝင်ခဲ့ပေမယ့် ဆာလာတော့ မပါခဲ့ပါဘူး။ ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ထားပါတယ်။
ဒီရာသီ တန်းမဆင်းရဘူးဆိုရင် မီလ်နာကို ခေါ်ယူဖို့ လိဒ်စ်ယူနိုက်တက်ကလည်း ကြိုးစားလာနိုင်ပါတယ်။ မီလ်နာဟာ လိဒ်စ်ယူနိုက်တက် အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမား ဖြစ်ပါတယ်။