လီဗာပူးအသင်းဟာ ဂျာမာန် ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်အသင်းမှ အီဂျစ်သား တိုက်စစ်သမား အိုမာ မာမိုစ့်ကို စိတ်ဝင်စားမှုက အလေးအနက် ဖြစ်လာနေဟန်ရှိပါတယ်။
ဥရောပရဲ့ အလားအလာရှိ တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ချီးကျူးမှုတွေရနေတဲ့ မာမိုစ့်ဟာ သူ့ကစားသမားဘဝ တစ်ခုလုံးနီးပါး ဂျာမာန်မြေမှာပဲ ကျင်လည်ခဲ့တာပါ။
မနှစ်ကရာသီမှာ ဖရန့်ဖတ်ကို ကူးပြောင်းခဲ့တဲ့နောက် ပြိုင်ပွဲစုံ ၄၁ ပွဲအတွင်း ကိုယ်တိုင် ၁၇ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်။ ဒီရာသီမှာ ပိုကောင်းတဲ့ ဂိုးသွင်းနှုန်းအဖြစ် ၁၁ ပွဲကစားပြီး ကိုယ်တိုင် ၁၀ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားပါတယ်။
Sky Germany ကတော့ လီဗာပူးရဲ့ မာမိုစ့်အပေါ် စိတ်ဝင်စားမှုဟာ တကယ်ကြီး အလေးအနက် အဆင့်ထိ ရောက်နေပြီလို့ သတင်းပေးလာခဲ့ပြီး ကနဦး စကားပြောမှုလည်း စတင်နေပြီလို့ပါ ဖော်ပြလာပါတယ်။
ဖရန့်ဖတ်ဘက်က တိုက်စစ်သမားအတွက် ယူရို ၅၀-၆၀ သန်းကြား အလိုရှိကာ ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ခွင့်ပြုမှာတော့ မဟုတ်ပါဘူး။
ဖရန့်ဖတ်ဘက်ကလည်း အသက် ၂၅ နှစ်အရွယ် အီဂျစ်သားကို ၂၀၂၇ နောက်ပိုင်းထိ သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပေမယ့် မာမိုစ့် ကိုယ်တိုင်ကတော့ ပိုကောင်းတဲ့ အသင်းတွေထံ ပြောင်းလိုနေပါတယ်။
ဂျာမာန်သတင်းထောက် Florian Plettenberg ကတော့ မာမိုစ့်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ စိတ်ဝင်စားပြီး လီဗာပူးထံ ကူးပြောင်းခွင့်ရမှာမျိုးကို ချက်ခြင်း လက်ခံလိမ့်မယ်လို့ ဖော်ပြသွားပါတယ်။
ကစားသမားဘဝမှာ အထောင်တိုက်စစ်နေရာကို အဓိက ကစားတဲ့ မာမိုစ့်ကို လီဗာပူးတို့ ချိတ်ဆက်ခြင်းဟာ ဆာလာနောက်ပိုင်း အာရပ်စျေးကွက်ကို ဆက်လက် ထိန်းသိမ်းထားဖို့ ရည်ရွယ်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။