

အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ကို ဗန်ဒိုက်၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၂-၂ သရေကျအပြီး သူမြင်တဲ့ ကောင်းတဲ့အချက် ၂ ခုကို အာနယ် ဆလော့က ရွေးထုတ်သွားပါတယ်။
လီဗာပူးအသင်းဟာ ကြားရက် ချန်ပီယံလိဂ်မှာ အာဆင်နယ်ထံ ၁ ရက်နောက်ကျ ကစားခဲ့ရပြီး အဝေးကွင်းအဖြစ် လိုက်ဇစ် ကွင်းထံ သွားကစားထားတာပါ။ အင်္ဂလန်ကို ပြန်ရောက်လာတော့လည်း အဝေးကွင်းအဖြစ် လန်ဒန်ထံ ထပ်မံ သွားရောက်ရတာ ဖြစ်ပါတယ်။
ကစားအားပိုင်း ထိခိုက်နိုင်တဲ့ အဝေးကွင်းပွဲတွေ ဆက်နေတာကြောင့် စွမ်းဆောင်ရည် အမြင့်ဆုံး ပုံစံမှာ ရှိမနေပေမယ့် ကြံ့ခိုင်မှု အကောင်းဆုံးဖြင့် တုန့်ပြန်နိုင်ခြင်းဟာ အကောင်းမြင်စရာပါလို့ လီဗာပူးနည်းပြက မြင်ပါတယ်။
ပွဲအပြီးမှာ အာနယ် ဆလော့ကတော့ “ အတော်လေး ကျေနပ်တာက ကျနော်တို့ ပွဲကို ပြန်ဆင်ချိန် ၁ ရက်နောက်ကျပြီး ပြန်လည်အားဖြည့်ချိန် ၁ ရက်နောက်ကျခဲ့တယ်။ ခရီးတွေလည်း ထွက်ရတယ်။ ဒါတောင် ကျနော်တို့ ဒုတိယပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ သန်သန်မာမာ ကစားနိုင်ခဲ့ပါတယ်။
နောက်ထပ် တစ်ချက်က အကျေနပ်ရဆုံးပါပဲ။ အမ်းမရိတ်ကွင်းမှာ ၂ ကြိမ်တိုင် နောက်က လိုက်ကစားရပေမယ့် ရမှတ် ၁ မှတ် ရအောင် ခွဲယူနိုင်တာက ကောင်းတဲ့ ကိစ္စပါ ” လို့ ပြောပါတယ်။
ဒီပွဲမှာ ပွဲချိန် ၆၃ မိနစ်အတွင်း မာကာ၊ ရိုဘို၊ ဒီယက်ဇ်တို့ကို ထုတ်ပြီး ဆိုဘို၊ ကိုစတက်နဲ့ ဂက်ပိုတို့ကို ထည့်တာက လီဗာပူးရဲ့ ကစားအားကို ဆက်ထိန်းထားနိုင်စေခဲ့ပါတယ်။
အနိုင်မရခြင်းကြောင့် လိဂ်ဦးဆောင်ခွင့် ဆုံးရှုံးသွားပေမယ့် လီဗာပူးအသင်းဟာ ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်တို့လို ကြီး ၆ ကြီး ပြိုင်ဘက်တွေကို ရင်ဆိုင်အပြီး မန်စီးတီးနဲ့ ၁ မှတ်အကွာ လိဂ်ရဲ့ ဒုတိယနေရာမှာ ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။