တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း၊ ပြိုင်ဘက်ရဲ့ ကျော်ဖြတ်ခြင်း ခံခဲ့ရတဲ့ အသင်းသား၊ ဒါဝင် အံ့ဝင်လာခြင်းနဲ့ အာဆင်နယ်ပွဲအပြီး စကားစမြည်း ပြောစရာများ

တနင်္ဂနွေနေ့တုန်းက အမ်းမရိတ်ပွဲမှာ လီဗာပူးအသင်းဟာ အာဆင်နယ်ကို ၂ ကြိမ်တိုင် နောက်ကနေ လိုက်ကစားပြီး ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒီအပတ် ပွဲတွေများပေမယ့် အင်တာနက် အခက်အခဲကြောင့် ပွဲပြီး စကားစမြည်းလေးတွေ သိပ်မလုပ်နိုင်ပါဘူး။ အာဆင်နယ်ပွဲအတွက်တော့ အကျဉ်းသဘော ဖော်ပြသွားပါမယ်။

တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း

ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအသင်းဟာ mentality monster တွေဆိုတဲ့ နာမည်ပြောင်းကို ပေါ့ပေါ့တန်တန် ရခဲ့ခြင်း မဟုတ်ပါဘူး။ ဦးဆောင်ဂိုး ပေးခဲ့ရခြင်းတွေကို နောက်ကနေ အကြိမ်ကြိမ် ပြန်လိုက်နိုင်လို့ ခိုင်မာတဲ့ စိတ်ဓါတ် ရှိသူတွေအဖြစ် ချီးကျူးခံခဲ့ရတာပါ။

ဆလော့ လက်ထက်မှာလည်း လီဗာပူးအသင်းက ဒီစိတ်ဓါတ်တွေ အသွေးအသားထဲထိ စီးဝင်နေဆဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်ပွဲမှာ ရလဒ်တစ်ခု ထွက်ဖို့ဟာ လီဗာပူးအတွက် အင်မတန် အရေးကြီးခဲ့ပါတယ်။

နိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်ကို ၇ မှတ်ဖြတ်နိုင်မှာဖြစ်ပေမယ့် ရှုံးခဲ့ရင် မန်စီးတီးနဲ့ ၂ မှတ်ပြတ်ကာ အာဆင်နယ်နဲ့ ၁ မှတ်ပဲ ကွာဟတော့မှာပါ။ ဒီပွဲဟာ လီဗာပူးအသင်း ချန်ပီယံဖလား စိန်ခေါ်နိုင်ခြင်း ရှိမရှိ စမ်းသပ်ခံရတဲ့ပွဲဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည် မဟုတ်ပေမယ့် နောက်ကျနေ ၂ ကြိမ်တိုင် ပြန်လိုက်စားနိုင်တာက လီဗာပူးဟာ အထင်သေးလို့မရတဲ့ အသင်းဆိုတာ မြင်သာစေခဲ့ပါတယ်။

ဒါဝင်ရဲ့ အံဝင်လာမှု

ဒီရာသီမှာ ဂရာဗင်ဘက်ချ်၊ ကိုနတေးတို့ရဲ့ အသင်းအတွက် အကျိုးဖြစ်ထွန်းမှုဟာ သိသာထင်ရှားသလို ဒီအပတ် လိုက်ဇစ်၊ ချယ်ဆီး၊ အာဆင်နယ်ပွဲတွေအတွင်း ဒါဝင်ရဲ့ ပါဝင်ကူညီနိုင်စွမ်းက သိသာလာနေပါတယ်။

ဂျိုတာ ဒဏ်ရာရနေချိန် ပွဲထွက်လာတဲ့ ဒါဝင်ဟာ လီဗာပူးအသင်းရဲ့ တစ်ဦးတည်းသော အထောင်တိုက်စစ်သမားစစ်စစ် ဖြစ်ပါတယ်။ တိုက်စစ်ထိပ်တွေမှသည် ခံစစ်ပိုင်း အတွင်းထဲထိ ပါဝင်ကစားနေတဲ့ ဒါဝင်ဟာ အရေးပါတဲ့ အခိုက်အတန့်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့လို့ ဆာလာ ဂိုးရခဲ့ပါတယ်။

ကွင်းလယ် ကျရှုံးခြင်း

ဒီရာသီ လီဗာပူးကွင်းလယ်ဟာ တောက်လျှောက် အထင်ကြီးခံခဲ့ရပေမယ့် အမ်းမရိတ်ကပွဲမှာတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒုတိယပိုင်း မာကာနေရာ ဆိုဘို ဝင်လာချိန်မှာ ကွင်းလယ် အနည်းငယ် ပြန်တက်လာခဲ့ပြီး ပိုပြင်းထန်မယ့် နောက်ထပ် ပွဲကြပ်တွေမှာ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။

ဆာကာ ဖျက်ဆီးခံခဲ့ရတဲ့ ရိုဘို

ပထမပိုင်းမှာ ရိုဘိုဟာ အာဆင်နယ် တိုက်စစ်သမား ဆာကာကို ဘယ်လိုမှ မဟန့်တားနိုင်ခဲ့ဘဲ ဦးဆောင်ဂိုးကိုလည်း သူ့ဘက်ကနေ ပေးလိုက်ရပါတယ်။ တက်လူနဲ့ ကျလူတို့ ရင်ဆိုင်ရချိန်မှာ ရော်ဘတ်ဆန်ရဲ့ သမ္ဘာကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါဟာ အနာဂတ် စျေးကွက်တွေမှာ လီဗာပူးအသင်း ဘယ်အစွန်အတွက် အာရုံစိုက်ရမယ့် အချက်ပေးသံ ဖြစ်လာပါတယ်။

တည်ကန်ဘော အလုပ်ဖြစ်ခဲ့ခြင်း

လီဗာပူးအသင်းဟာ ဒီနွေမှာ ခေါ်ယူထားတဲ့ Aaron Briggs နဲ့အတူ တည်ကန်ဘောတွေမှာ အာရုံစိုက်နေပြီး သိသာတဲ့ အရွှေ့တစ်ခုရဖို့ အားထုတ်နေပါတယ်။ ပွဲအပြီး ဗန်ဒိုက်ကပဲ အာဆင်နယ်ရဲ့ နာမည်ကျော် တည်ကန်ဘော ခြိမ်းခြောက်မှုနဲ့ ကာကွယ်မှုအတွက် အသင်းက အများကြီး လေ့လာထားခဲ့ကြောင်း ပြောပါသေးတယ်။

တချို့သော အပြောင်းအလဲတွေဟာ ရုတ်တရတ် ဖြစ်ပေါ်ခြင်းထက် ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်လာတတ်တာဖြစ်လို့ အသင်းရဲ့ တည်ကန်ဘော တိုးတက်မှုတွေ ပိုမိုသိသာတဲ့ ကာလ အမြန်ဆုံး ရောက်လာဖို့ မျှော်လင့်ပါတယ်။