NEWS: ဂျိုတာ၊ ဟာဗေး၊ ခီယေဆာတို့ရဲ့ ဒဏ်ရာ အခြေအနေ

နည်းပြအာနယ် ဆလော့ကတော့ တိုက်စစ်သမား ဂျိုတာနဲ့ ကွင်းလယ်လူ ဟာဗေးတို့ဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်ထိ ဘောလုံးပြန်ကစားနိုင်ဦးမှာ မဟုတ်ကြောင်း အတည်ပြုပါတယ်။

ဂိုးသမားနေရာကစလို့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်နေရာတွေမှာပါ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ လီဗာပူးအသင်းဟာ ကြံ့ခိုင်မှုပိုင်း စတင် သတိထားရမယ့် အခိုက်အတန့်ကို ရောက်လာနေပါပြီ။

အယ်လီဆန်ကလည်း နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီး ဘောလုံးပြန်ကစားနိုင်ဖို့ မသေချာသေးချိန် အခြားသော ကစားသမားတွေရဲ့ အခြေအနေကလည်း ထူးမခြားနားဖြစ်ပါတယ်။

နည်းပြဆလော့ အတည်ပြုချက်အရ အယ်လီဆန်၊ ဂျိုတာနဲ့ ဟာဗေးတို့ဟာ ဘရိုက်တန်နဲ့ ကာရာဘောင်းဖလား၊ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်အပြင် အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲကိုပါ လွဲချော်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ ဒဏ်ရာရထားတဲ့ ညာအစွန်လူ ဘရတ်ဒလေက ကြားရက် ကာရာဘောင်းပွဲမှာ ပြန်ပါလာဖို့ရှိနေပြီး ခီယေဆာကိုတော့ ထည့်သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။

“ ခီယေဆာ အခြေအနေက အတက်အကျ မြန်တော့ ပြောရခက်တယ်။ တခါတလေ သူ ကျနော်တို့နဲ့ ရက်ပိုင်းလောက် လေ့ကျင့်ရေးဆင်းတယ် ပြီးရင် ပြန်နာသွားတတ်တယ်။

သူ့ကို ဘယ်နှစ်ရက်၊ ဘယ်အပတ်အကြာမှာ ပြန်ကစားနိုင်မယ် ကျနော် ဖိအားမပေးချင်ဘူး။ အကောင်းဆုံး ကြံ့ခိုင်မှုနဲ့ သူပြန်လာနိုင်အောင်ပဲ ကူညီပေးချင်ပါတယ် ” လို့ နည်းပြဆလော့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။