ပွဲကြီးတွေ စမ်းသပ်ခံရဖို့ အချိန်တန်လာတဲ့ ဂက်ပို၊ ယုံကြည်မှုအားနည်းနေတဲ့ ကွမ်းဆက်၊ ဆက်လာဦးမယ့် ပွဲကောင်းတွေနဲ့ ကာရာဘောင်းပွဲအပြီး စကားစမြည်း ပြောစရာများ

ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာ လီဗာပူးအသင်းဟာ ဂက်ပို (၂ ဂိုး)၊ ဒီယက်စ် (၁ ဂိုး) နဲ့အတူ ပွဲကို ၃-၂ ဖြင့် အနိုင်ရသွားပါတယ်။ ဒီပွဲအတွင်း စကားပြောစရာ လေး အချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့ လေ့လာကြည့်မှာဖြစ်ပါတယ်။

တောက်ပခဲ့တဲ့ ဂက်ပို

ဂက်ပို ကိုယ်တိုင်ကတော့ သူ့ကို ဖလားပွဲတွေမှာပဲ ထုတ်သုံးတာမျိုး သဘောကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးထက် အင်အားနည်းတဲ့ အသင်းမျိုးတွေကို ရင်ဆို်င်ရာမှာ ဂက်ပို ခြေသိပ်စွာတာကလည်း ငြင်းမရတဲ့အချက်ပါပဲ။

ဒုတိယပိုင်းမှာ ဂက်ပို ကစားသွားတဲ့ ခြေစွမ်းဟာ အရမ်းကို အန္တရာယ်ပေးနိုင်ပြီး တချိန်က တောင်ပံတွေမှာ တောင်လျှောက်ပြေးရင်း ဧရိယာထိပ်ရောက်မှ ဂိုးကန်လို့ကောင်းမယ့် အတွင်းပိုင်းထံ ချိုးဝင် ဂိုးသွင်းတတ်တဲ့ Arjen Robben ကြီးတောင် အမှတ်ရမိစေပါတယ်။

ဒီလိုခြေစွမ်းမျိုး ဒီလို တောက်ပမှုမျိုးနဲ့ဆိုရင် မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်တို့ ပွဲတွေမှာ ဒီယက်စ်အစား ဂက်ပိုကို ထုတ်သုံးလည်း လီဗာပူးပရိသတ်တွေ စောဒကတက်နေမှာ မဟုတ်ပါဘူး။

နေရာစုံ တောင့်တင်းမှု

လီဗာပူးလူစာရင်းဟာ ထင်သလောက် အားမပျော့လှဘဲ လိဂ်ရဲ့ အတောင့်တင်းဆုံး အသင်းတွေထဲက ပါတာ မြင်သာပါတယ်။ ဥပမာဆိုရင် ခံစစ်ကြောင်း တစ်ခုလုံးမှာ ရော်ဘတ်ဆန်ကလွဲလို့ အရန်လူတွေချည်းပဲ ဖြစ်ပါတယ်။ ထရန့်နေရာ ဘရတ်ဒလေ၊ ကိုနတေးနေရာ ကွမ်းဆက်အပြင် ဂိုးပေါက်အတွက် ဂျာရိုစ့် ရှိနေပါတယ်။

ဂျိုတာ၊ ခီယေဆာတို့ မပါနိုင်ပေမယ့် တိုက်စစ် ရွေးချယ်မှုကလည်း အားနည်းမသွားပါဘူး။ ကွင်းလယ်မှာဆိုရင် အန်ဒို၊ မော်တန်တို့ ပွဲကစားခွင့် နည်းနေပြီး လူငယ်လေး နိုင်ယွန်နီလည်း ရှိနေပါတယ်။

နည်းပြဆလော့ အနေနဲ့ ကာရာဘောင်းနဲ့ အက်ဖ်အေမှာ ဒီအရန်ကစားသမားတွေကို သေချာလေး ပွဲစီစဉ်ပေးနိုင်ရင် ဘောလုံးရာသီရှည်ကို ကျော်ဖြတ်ဖို့ အကျိုးဖြစ်နိုင်ပါတယ်။

ယုံကြည်မှု အားနည်းနေတဲ့ ကွမ်းဆက်

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကွမ်းဆက် တောက်ပလာခဲ့သလို ဒုတိယရာသီဝက်မှာ ဆိုရင် ကိုနတေးကိုတောင် ကျော်ပြီး နေရာရသွားခဲ့တာပါ။ လီဗာပူးဘက်က သူ့ကို ဗန်ဒိုက်ရဲ့ အဓိက တွဲဘက်အဖြစ် မြင်ခဲ့ပေမယ့် နည်းပြဆလော့က မတူညီတဲ့ အမြင်ရှိနေပါတယ်။

တကယ်တမ်း လူငယ်ကစားသမားဖြစ်ဖြစ် အရွယ်ရောက်ပြီး ကစားသမားဖြစ်ဖြစ် ပွဲမကစားရရင်တော့ ယုံကြည်မှုကျဆင်းတာပါပဲ။ ကွမ်းဆက်လို အတွေ့အကြုံနည်း ကစားသမားမျိုးက ပိုဆိုးပါတယ်။ ဘရိုက်တန်ပွဲမှာ သူ တစ်ဦးချင်း သိပ်မညံ့ပေမယ့် မလုပ်သင့်တဲ့ အမှားတွေ လုပ်ခဲ့မိပါတယ်။

ဆလော့ အနေနဲ့ ပွဲကြီးတွေမှာ ကွမ်းဆက်ကို လူစားဝင်ခြင်းနဲ့ဖြစ်စေ နေရာပြန်ပေးဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဗဟိုခံစစ်နေရာအတွက် ပေါင် သန်း ၆၀ လောက် ငွေသုံးဖို့ပဲ ရှိပါတယ်။

ဂျာရိုစ့် တောက်ပပြီး သာမာန်လောက်သွားတဲ့ အရန်လူများ

ဘရိုက်တန်ပွဲမှာ အရန်လူစာရင်းတွေကို နေရာပေးပေမယ့် ဂိုးသမား ဂျာရိုစ့်လောက်ပဲ သာလွန်စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။ အရေးကြီးတဲ့ ကာကွယ်မှုတွေ လုပ်ပေးခဲ့ပြီး ဘောလုံး ကိုင်ကစားဖို့လည်း ရဲရင့်ပါးနပ်ပါတယ်။

ဘရတ်ဒလေ၊ ကွမ်းဆက်၊ အန်ဒို၊ မော်တန်၊ ဂိုးမက်စ်တို့ထံကတော့ သာမာန် အရန်ကစားသမားတွေရဲ့ ခြေစွမ်းမျိုးပဲ မြင်ခဲ့ရပါတယ်။ ဒါကလည်း ပွဲကစားခွင့်နဲ့ ဆိုင်ပါတယ်။ ပွဲဝေးနေတဲ့ သူတွေထံက ထူးချွန်ခြေစွမ်းမျိုး မြင်ရဖို့ သိပ်မလွယ်ပါဘူး။

ဆက်လာဦးမယ့် ပွဲကောင်းများ

လီဗာပူးရဲ့ လာမယ့် ပွဲစဉ်တွေက ဘရိုက်တန်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲ၊ လေဗာကူဆင်ကို အိမ်ကွင်းမှာ ဧည့်ခံမယ့် ချန်ပီယံလိဂ်ပွဲနဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာပဲ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲတွေဖြစ်ပါတယ်။

ဒီ ၃ ပွဲ နိုင်လိုက်ရင် ဆလော့ကို ဘယ်သူမှ လျော့မတွက်ရဲတော့ပါဘူး။ လီဗာပူးကိုလည်း ဘယ်အသင်းမှ မခန့်လေးစား မလုပ်ရဲတော့ပါဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ် ၂ ပွဲကို နိုင်ရင် အသင်းဟာ ချန်ပီယံပြေးလမ်းထဲ ဝင်သွားပါလိမ့်မယ်။