

ရီးရဲလ်မက်ဒရစ်ဟာ သူတို့ လူစာရင်းကို အပြောင်းအလဲ ပြုလုပ်လိုတာကြောင့် ကွင်းလယ်လူ ချူအာမီနီအတွက် ကမ်းလှမ်းမှုတွေကို စတင် လက်ခံသွားတော့မယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။
ယာဂင်ကလော့ပ် လက်ထက်မှာ လီဗာပူးအသင်းဟာ စျေးကွက် ၃ ခုတိုင်တိုင် ပြင်သစ်သား ကွင်းလယ်လူကို ချိတ်ဆက်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ဘက် လီဗာပူးထံ ကွင်းလယ်လူကို ထွက်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့တာပါ။
၂၀၂၂ ချန်ပီယံလိဂ် ဖိုင်နယ်အပြီးမှာ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းထဲက တစ်သင်းကို ရွေးချယ်ဖို့ဖြစ်လာရာမှာ ချူအာမီနီက စပိန်ကလပ်ကို ရွေးချယ်ခဲ့ပါတယ်။
မိုနာကိုကနေ ရီးရဲလ်မက်ဒရစ်ကို ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်သားကို ၂၀၂၃ နွေမှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုနေရာ အစားထိုးဖို့ လီဗာပူး ပြန်လိုက်ချိန်မှာလည်း ချူအာမီနီ ကိုယ်တိုင်က မက်ဒရစ်မှာပဲ ဆက်ကစားလိုတာကြောင့် ငြင်းဆန်ခဲ့ပါတယ်။
အဲ့နောက်ပိုင်းမှာ လီဗာပူးက ကိုင်ဆီဒို၊ လာဗီယာတို့ကို ချယ်ဆီးနဲ့အပြိုင် ခေါ်ယူရေး ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကတော့ အသင်းထံ ရောက်လာခဲ့တာဖြစ်ပါတယ်။
ဒီနွေမှာလည်း အသင်းဟာ နံပါတ် ၆ နေရာအတွက် ဇူဘီမန်ဒီကို ကြိုးစားပေမယ့် အောင်မြင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ နည်းပြဆလော့ကတော့ သူ့လူစာရင်းအတွက် နံပါတ် ၆ သမား အလိုရှိနေပြီး ဇူဘီမန်ဒီက အံဝင်မယ်လို့ အသင်းကို တင်ပြမှု လုပ်ထားခဲ့ပါတယ်။
ရီးရဲလ်ဘက်က ချူအာမီနီကို အရောင်းစာရင်း တင်ဖို့လိုနေခြင်းဟာ မန်စီးတီးကနေ ရိုဒရီကို ခေါ်ယူလိုတာကြောင့်လို့ သိရပေမယ့် နည်းပြအပြောင်းအလဲ ဖြစ်ထားတဲ့ လီဗာပူးဘက်က ပြင်သစ်သားကို စိတ်ဝင်စားမှုအား ပြန်အသက်သွင်းဖို့တော့ မသေချာတော့တာ ဖြစ်ပါတယ်။