သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက် ၂ သင်းကို ထုတ်ပြောသွားတဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်

၂၀၁၉ မှာ ချန်ပီယံလိဂ်ဖလား၊ ၂၀၂၀ မှာ ပရီးမီးယားလိဂ်ဖလားတွေကို အောင်မြင်ခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးကစားသမားဘဝ နောက်ဆုံး စာချုပ်နှစ်ထဲ ရောက်နေပါပြီ။

သူ့ရဲ့ အနာဂတ်အကြောင်း မေးခွန်းထုတ်ခံနေရပေမယ့် ခံစစ်မှူးကတော့ လီဗာပူးမှာ ဆက်နေဖို့ကို ဆွေးနွေးမှု ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဘလွန်းဒီအောဆုမှာ မက်ဆီရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ဖူးတဲ့ ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ကစားသမားဘဝကို ပျော်မွေ့နေဆဲ ဖြစ်ပါတယ်။

အင်္ဂလန်မှာပဲ ဆက်ကစားလိုနေသေးတဲ့ ဗန်ဒိုက်ကို ဒီနှစ်တွေအတွင်း သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်တွေအကြောင်း မေးခဲ့ချိန်မှာ

‘ မန်စီးတီးနဲ့ အာဆင်နယ်လို့ပဲ ပြောရမှာပေါ့။ သူတို့ကို ရင်ဆိုင်ကစားရတာက အတော်လေးကို ခက်ခဲပါတယ်။ စက္ကန့်ပိုင်းလောက် အာရုံမစိုက်ရင်ကိုပဲ ခြေချော်သွားနိုင်တယ်။ ချက်ခြင်းကြီး အပြစ်ပေးခံရနိုင်ပါတယ်။

ဒါကပဲ ပရီးမီးယားလိဂ်ရဲ့ အလှတရားလို့ ပြောရမှာပေါ့။ အပတ်တိုင်းမှာ ထိပ်တန်း တိုက်စစ်သမားတွေကို ယှဉ်ပြိုင်နေရတာလေ ’ လို့ ဗန်ဒိုက်က ဆိုပါတယ်။

ဗန်ဒိုက်ဟာ ရည်မှန်းချက်ကြီးတွေ ထားရှိနေပြီး နည်းပြ အာနယ် ဆလော့ လက်ထက်မှာ ဆုဖလား အောင်မြင်မှုတွေကို ဆက်လက် စိန်ခေါ်နိုင်ဖို့ မျှော်လင့်နေတာပါ။

ရောက်လာမယ့် တစ်ပွဲချင်းကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ပဲ အာရုံစိုက်ရမှာဖြစ်ကာ ရာသီကုန်ခါနီးမှာ အသင်း ဘယ်အခြေအနေထိ ရောက်နိုင် စိန်ခေါ်နိုင်မလဲ ကြည့်ကြတာပေါ့လို့လည်း အသင်းခေါင်းဆောင်က ပြောသွားတာပဲ ဖြစ်ပါတယ်။