

ပေါ်တူဂီသား နည်းပြ အမ်မိုရင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်လာပြီးနောက် အတိတ်ကို ပြန်ဖော်မှု တစ်ခု ပြုလုပ်လာပါတယ်။
အမ်မိုရင်း ကိုယ်တိုင်က ပြောရာမှာ ” ကုန်ခဲ့တဲ့လတွေမှာ ကလပ်တွေ (လီဗာပူး၊ ဝက်စ်ဟမ်းတို့ကို ဆိုလို) လာချိတ်ပေမယ့် ကျနော် ငြင်းခဲ့ပါတယ်။ ကျနော် တကယ်ကြီး ပြောင်းလာချင်တာက မန်ချက်စတာ ယူနိုက်တက်ပါ ” လို့ ဖြစ်ပါတယ်။
ဒါဟာ မန်ချက်စတာကလပ်အတွက် အမ်မိုရင်းက PR လုပ်ပေးခဲ့ဟန်ရှိပြီး လက်တွေ့ဖြစ်ခဲ့တာနဲ့တော့ ကွဲလွဲပါလိမ့်မယ်။
မေလအတွင်း လီဗာပူးနဲ့ အမ်မိုရင်းကြား ဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်ခါနီးမှ မအောင်မြင်ခြင်းဟာ အမ်မိုရင်းနဲ့ သူ့ရဲ့ အေးဂျင့်တို့ရဲ့ မရင့်ကျက်တဲ့ လုပ်ရပ်နဲ့ အပြုအမှုကြောင့် ဆိုတာကို ပေါ်တူဂီသတင်းဌာနတွေက ဝေဖန်ခဲ့ဖူးပါတယ်။
ကလော့ပ်နေရာ အစားထိုးဖို့ လီဗာပူးအသင်းဟာ ဥရောပ အလားအလာရှိ နည်းပြများစွာကို စောင့်ကြည့် အကဲဖြတ်အပြီးမှာ လျာထားစာရင်းအဖြစ် အမ်မိုရင်း၊ အာနယ် စလော့တို့ကို ရွေးချယ်ခဲ့တာပါ။
လီဗာပူးအသင်းဘက်က ကလပ်ရဲ့ လျာထားနည်းပြတွေကို အင်တာဗျူးနေချိန် ဆလော့ကို ပိုသဘောကျရိပ် ပြသလာရာက အန်ဖီးကလပ် တာဝန်ရှိသူတွေကို ဖိအားပေးလိုဇောနဲ့ အမ်မိုရင်းတို့အဖွဲ့ဟာ ဝက်စ်ဟမ်းအသင်းကိုပါ ခွပြီး စကားသွားပြောခဲ့ပါတယ်။
ထိပ်တန်းအသင်းတွေနဲ့ ဆက်ဆံရာမှာ အမှုအကျင့်ပိုင်း ကောင်းမွန်ဖို့က အရေးပါလှပြီး အမ်မိုရင်းနဲ့ အေးဂျင့်ရဲ့ မပါးနပ်မှုကြောင့်ပဲ လီဗာပူးမန်နေဂျာဖြစ်ခွင့်ဆိုတဲ့ အိပ်မက်ဟာ တံလျှပ်အဖြစ် လျှင်မြန်စွာ ပျောက်ကွယ်ခဲ့ရတယ်လို့ ပေါ်တူဂီသတင်းဌာန Record က ဖော်ပြခဲ့တာဖြစ်ပါတယ်။