ပထမပိုင်း ရှယ်ညံ့ပေမယ့် ဒုတိယပိုင်းမှာ ချန်ပီယံခြေစွမ်း ပြခဲ့တဲ့ လီဗာပူးတို့ နိုင်ပွဲနဲ့အတူ ဇယားထိပ်တက်

အန်ဖီးကွင်းမှာ ဘရိုက်တန်ကို ဧည့်ခံရင်း ခက်ခဲ ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ကစားကာ လီဗာပူးတို့ ၂-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။

လီဗာပူးအသင်း တိုက်စစ်မှာ ဒါဝင်၊ ဆာလာ၊ ဂက်ပိုတို့ ပွဲထွက်လာခဲ့ပြီး ဘယ်အစွန်မှာ ကိုစတက် ပါလာခဲ့ကာ ကျန်နေရာတွေမှာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒီပွဲဟာ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ပွဲဖြစ်ပါတယ်။

၄-၂-၄ ပုံစံဟာ ဒီပွဲမှာ အလုပ်မဖြစ်လှဘဲ အသင်းဟာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့သလို အခွင့်အရေး ဖန်တီးမှုတွေ မမြင်ရသလောက် နည်းပါးခဲ့ပါတယ်။ ပထမပိုင်းမှာ အဝေးကွင်းအသင်းက ပိုကောင်းနေခဲ့ကာ ဦးဆောင်ဂိုးကိုလည်း သွင်းယူထားနိုင်ခဲ့တယ်။

ပထမပိုင်း ပြီးခါနီးမှာ ကိုနတေးရဲ့ လက်ကို ဗန်ဒိုက် နင်းခဲ့မိတာကြောင့် ဒုတိယပိုင်း ဆက်မကစားနိုင်ခဲ့ပါဘူး။ သူ့အစား ဂိုးမက်စ် ဝင်ကစားခဲ့ပါတယ်။

ဒီပွဲရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်က ဒုတိယပိုင်းမှာ လာတာဖြစ်ပါတယ်။ လီဗာပူးရဲ့ ရုန်းအား ပေါက်ကွဲအားနဲ့ အန်ဖီးကွင်းက ပရိသတ်တွေရဲ့ လျှပ်လျှပ်ထတဲ့ အားပေးသံတွေ ဆူညံတဲ့ ၄၅ မိနစ်ကို မြင်ခဲ့ရပါတယ်။

သရဲ ဘီလူးစီးနေတဲ့ လီဗာပူးအသင်းသားတွေဟာ ခြေပဂိုးရဖို့ ဆက်တိုက် အားထုတ်ပေမယ့် မိနစ် ၆၀ လောက်မှာ ကစားအား ကျလာခဲ့တယ်။ နည်းပြဆလော့က မာကာနဲ့ ဆိုဘိုကို ထုတ်ပြီး ဂျုံးနဲ့ ဒီယက်ဇ်ကို ထည့်ကာ တိုက်စစ်အားကို မချစတမ်း တင်ကစားခဲ့ပါတယ်။

လူစားလဲမှုတွေ အလုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ကာ နေရာလွတ်တွေ ပိုရလာပြီး ဂက်ပိုရဲ့ ပိတ်ချက် ကောင်းခဲ့သလို ဆာလာရဲ့ ဦးဆောင်ဂိုးမှာ အသင်းလိုက် တက်ကစားသွားတာ အတော်လေး လှပခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အသင်းဟာ ခံစစ်ကို အနည်းငယ် ယိမ်းကစားခဲ့ပြီး ဘရိုက်တန်တို့ အခွင့်အရေး ရသေးပေမယ့် ဗန်ဒိုက်၊ ကလယ်ဟာတို့ ကောင်းနေတာကြောင့် ဂိုးမရခဲ့ပါဘူး။

ဒီပွဲအပြီး လီဗာပူးအသင်းဟာ မန်စီးတီးကို ၂ မှတ်ဖြတ်ကာ ဇယားထိပ်ကို တက်သွားခဲ့ပြီး ပရီးမီးယားလိဂ် စိန်ခေါ်သူနေရာကို စတင် ရယူလာခဲ့ပြီဖြစ်ပါတယ်။