ကိုနတေး အခြေအနေ၊ ပြိုင်ဘက်နည်းပြအစ ကိုယ့်ကစားသမားထိ အံ့အားသင့်ရတဲ့ အန်ဖီးပရိသတ်များ၊ ဆလော့ကို လျော့မတွက်ရဲကြသူတွေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

စနေနေ့ပွဲမှာ ဖလားစိန်ခေါ်မယ့် ၃ သင်းလုံး အရေးနိမ့်နေကြချိန် နောက်ကနေ လိုက်ကစားပြီး နိုင်ပွဲ ပြန်ယူနိုင်တဲ့ တစ်သင်းတည်းသော ကလပ်က လီဗာပူးဖြစ်ခဲ့ပါတယ်။

အင်္ဂလန်ဘောလုံး သုံးသပ်သူတွေက ဆလော့ရဲ့ လီဗာပူး အရန်လူစာရင်းကနေ ဟန်ချက်ညီခြင်းကို ရှာဖွေနိုင်စွမ်းအား မှတ်ချက်ကောင်းတွေ ပေးနေကြကာ ဖလားစိန်ခေါ်နိုင်မယ့် အသင်းအဖြစ် တညီတညွှတ်တည်း မှတ်ချက်ပေးကြပါတယ်။

ကိုနတေးရဲ့ ဒဏ်ရာဟာ အတော်လေး နာကျင်ခဲ့ပေမယ့် ဆေးရုံသွားဖို့ထိ မပြင်းထန်တာမို့ အလွန်ဆုံး သီတင်းပတ် ၁ ခု ၂ ခုလောက်ပဲ နားရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဘရိုက်တန်နည်းပြ ဟာဇယ်လာက အန်ဖီးကွင်းရဲ့ အားပေးကြမ်းမှုကြောင့် သူ့အသင်း အရှုံးကို ရင်ဆိုင်ခဲ့ရကြောင်း ဝန်ခံခဲ့သလို ဒီလို အားပေးပုံမျိုး တီဗီထဲမှာပဲ မြင်ခဲ့ဖူးတာပါလို့ ပြောပါတယ်။

ဘရိုက်တန်ကို ချီးကျူးခဲ့ကာ အသင်းသားတွေရဲ့ ၂ ပွဲဆက် နောက်ကနေ ပြန်လာနိုင်ခြင်းတွေကိုလည်း အသိအမှတ် ပြုပေမယ့် အသင်းဟာ လိုက်ကစားနေရတာကို ရှောင်နိုင်ရေး ပွဲစတည်းက ပြိုင်ဘက်ကို ဖိနှိပ် ထိုးနှက်နိုင်ရမှာဖြစ်ကြောင်း ဆလော့က အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

ဂိုးမက်စ်ကတော့ လီဗာပူးဟာ သူ့အတွက် အရာအားလုံးဖြစ်ပြီး အနာဂတ်မှာတော့ အသင်းအတွက် ဂိုးသွင်းပေးနိုင်မှာပါလို့ ဆိုပါတယ်။

ဘရိုက်တန်ကို အနိုင်ရခြင်းအတွက် ဆလော့ကတော့ ဆာလာရဲ့ ဒုတိယဂိုးကို ကျေးဇူးတင်နေပါတယ်။ သိပ်ကောင်းတဲ့ တစ်ဦးချင်း အဆုံးသတ်မှုလို့ ဆလော့က မြင်ပါတယ်။

ဆာလာဟာ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမားများ စာရင်းမှာ ၁၆၄ ဂိုးနဲ့အတူ နံပါတ် ၈ နေရာထံ တက်လှမ်းသွားပါပြီ။

လီဗာပူးအသင်း ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဆာလာရဲ့ သွင်းဂိုးအတွက် ခံစစ်ကနေ မောင်းနှင့်အားကောင်းကောင်းဖြင့် ဘောလုံး သယ်လာပေးခဲ့တဲ့ ကာတစ်ဂျုံးကို အထူးချီးကျူးမှုတွေ ရှိနေပါတယ်။

အန်ဖီးမှာ ရူးလောက်စရာ အားပေးမှုနဲ့ ပြင်းထန်မှုကို ဖန်တီးပေးသွားတဲ့ လီဗာပူးပရိသတ်တွေကို တအံ့တဩဖြင့် အန်ဒိုက ချီးကျူးခဲ့ပါတယ်။ တကယ်ကို အားဖြစ်တယ်လို့ သူက ဆိုပါတယ်။