လီဗာပူးထံ မပြောင်းရေး အိုဆင်ဟမ်ကို ဟိုတယ်မှာ ၃ ရက် ပိတ်ထားခဲ့တဲ့ နာပိုလီ ဒါရိုက်တာ

နာပိုလီ အားကစားဒါရိုက်တာ ဂျင်တိုလီရဲ့ တွဲဘက်ဟောင်းဖြစ်သူ Costi က ၂၀၂၀ မှာတုန်းက အိုဆင်ဟမ်ကို လီဗာပူးထံ လက်မလွတ်ရရေး အီတလီကလပ်ဘက်က ကြိုးစားခဲ့ရတယ်လို့ ထုတ်ပြောလာပါတယ်။

အဆိုပါ အချိန်က လီဗာပူးဟာ လိုက်ဇစ်တိုက်စစ်မှူး ဗာနာ၊ ဝုဗ်တိုက်စစ်မှူး ဂျိုတာနဲ့ နာပိုလီ တိုက်စစ်မှူး အိုဆင်ဟမ်တို့ကို လိုက်နေခဲ့တာပါ။ ဗာနာနဲ့ အိုဆင်ဟမ်တို့ကို ခေါ်ယူရေး အဆင်မပြေခဲ့တဲ့နောက် ဂျိုတာကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

“ အိုဆင်ဟမ်ကို လက်မှတ်ထိုးတာက ဂျင်တိုလီရဲ့ အပြောင်မြောက်ဆုံး လက်ရာပါပဲ။ ” လို့ Costi က Tuttosport နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။

၎င်းကပဲ “ အိုဆင်ဟမ်ကို ဟိုတယ်မှာ ၃ ရက်လောက် ပိတ်ထားခဲ့တာပါ။ ဂျင်တိုလီက တိုက်စစ်မှူးကို လီဗာပူးဘက်က စိတ်ဝင်စားနေခဲ့ကြောင်းနဲ့ ယာဂင်ကလော့ပ်က ခေါ်ယူဖို့ လုပ်လာနေပြီဆိုတာကို သိခဲ့ပါတယ်။

ဒါပေမယ့် ဂျင်တိုလီက အိုဆင်ဟမ်ကို နာပိုလီမှာပဲ ဆက်နေပါဆိုပြီး ၃ ရက်တိုင်တိုင် ဟိုတယ်ကနေ အပြင်ပေးမထွက်ဘဲ စည်းရုံးခဲ့ရတာ ဖြစ်ပါတယ် ” လို့ ရှင်းပြသွားပါတယ်။

အိုဆင်ဟမ်ဟာ ဒီရာသီမှာ ၂၉ ပွဲအတွင်း ၂၃ ဂိုးသွင်းကာ ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နာပိုလီအသင်း စီးရီးအေဖလား ပြန်လည် အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နောက်ပိုင်းမှာ တိုက်စစ်အတွက် ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပိုတို့ကို ဆက်လက် အားဖြည့်ခဲ့တာနဲ့အတူ အိုဆင်ဟမ်ဘက် ပြန်မလှည့်တော့ပေမယ့် တောင့်တင်းတဲ့ တိုက်စစ်အင်အားကို ဆက်လက် ထိန်းထားနိုင်ဆဲပဲ ဖြစ်ပါတယ်။