အပြောင်းအလဲ လုပ်ဖို့ မကြောက်တဲ့ ဆလော့၊ အန်ဖီးကို ဆွပေးခဲ့တဲ့ ထရန့်၊ ဂန္တဝင်တစ်ဦးရဲ့ တောက်ပမှုမျိုး ပြသနေတဲ့ ဆာလာနဲ့ ဘရိုက်တန်ပွဲအပြီး စကားစမြည်း ပြောစရာများ

ဘရိုက်တန်ကို အိမ်ကွင်းမှာ အနိုင်ရတဲ့ပွဲမှာ လီဗာပူးအသင်းဟာ မှားယွင်းတဲ့ ခံယူချက်နဲ့ စွမ်းဆောင်ရည်ကို ပြင်ဆင်ပြနိုင်ခဲ့ပြီး ချန်ပီယံလောင်းတွေမှာ မြင်တွေ့ရတတ်တဲ့ အမူအကျင့်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ပွဲအကြောင်းကို LFCThaDin ဖတ်ရှုသူတွေနဲ့ အနည်းငယ် စကားပြောကြည့်ကြပါမယ်။

အပြောင်းအလဲ လုပ်ဖို့ မကြောက်တဲ့ ဆလော့

ဆလော့ဟာ စာရွက်ပေါ်မှာ ၄-၃-၃ ပုံစံကို ခင်းကျင်းပေမယ့် တကယ်တမ်း ပွဲထဲမှာတော့ ဘရိုက်တန်ရဲ့ ခံစစ်ကနေ ဘောလုံးထုတ်မှုကို ဖြတ်တောက်နိုင်ရေး ဖိအားပေးမှုတွေအတွင်း ဆိုဘိုကို ဒါဝင်နဲ့ တစ်တန်းတည်း ထိပ်ထိ တက်စေကာ ၄-၂-၄ ပုံစံ ကစားစေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ သွင်းဂိုးတွေရဖို့ လိုအပ်လာချိန်မှာ ကွင်းလယ်လူတွေဖြစ်တဲ့ မာကာ၊ ဆိုဘိုကို ထုတ်ခဲ့ပြီးတော့ ဆာလာနဲ့ ဒါဝင်ကို အတွင်းပိုင်းတွေမှာ လှုပ်ရှားစေမယ့် ၄-၄-၂ ပုံစံ ပြန်ချိန်းခဲ့ပါတယ်။ အဲ့နောက် အနိုင်ရလဒ်ကို ကာကွယ်ဖို့နဲ့ ဟန်ချက်ညီမှုကို ဖော်ဆောင်ရေး ဒါဝင်ကို ထုတ်ကာ အန်ဒိုကို ထည့်သွင်းပြီး ၄-၃-၃ ပုံစံ ပြန်ချိန်းခဲ့တယ်။

ဘရတ်ဒလေကို ဆာလာနဲ့ လူစားလဲခဲ့အပြီး ညာတောင်ပံမှာ ဆက်ကစားစေခဲ့တာကတော့ တိုက်စစ်မှူးရဲ့ အင်အားကို ထိန်းသိမ်းပေးဖို့ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။ ဒီပွဲကတော့ ဆလော့ရဲ့ ရဲရင့်မှုကို မြင်ခဲ့ရတာဖြစ်ပြီး ကစားပွဲက မျှော်လင့်ထားသလို ဖြစ်မလာချိန်မှာ လူစားလဲမှုတွေနဲ့ ရလဒ်ရအောင် ယူပြခဲ့ပါတယ်။

ကံဆိုးသူ မောင်ရှင်

ဒီပွဲ ပထမပိုင်းမှာ တစ်သင်းလုံး ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပေမယ့် ကိုနတေးကတော့ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ခံစစ်ကို ဆယ်မထားနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ထက်တောင် သူက ပိုမို တည်ငြိမ်ခဲ့သေးတာပါ။

ပထမပိုင်း ပြီးခါနီး ခေါင်းတိုက်ရာမှာ ပြိုင်ဘက်နဲ့ တွန်းတိုက်မိပြီး လဲအကျ ဗန်ဒိုက် တက်နင်းမိရာက လက်ထိသွားခဲ့တာဖြစ်ပါတယ်။ ချက်ခြင်း လူစားခံခဲ့ရတဲ့ ကိုနတေးဟာ ပြင်းထန် ဒဏ်ရာ မရခဲ့ပေမယ့် ချန်ပီယံလိဂ်နဲ့ နောက်ထပ် ပရီးမီးယားလိဂ် ၁ ပွဲကို ပါဝင်နိုင်ဖို့ မသေချာတော့ပါဘူး။

အန်ဖီးကို ဆွပေးခဲ့တဲ့ ထရန့်

ပထမပိုင်းမှာ ရုန်းကန်ခဲ့ရသေးတဲ့ ထရန့်ဟာ ဒုတိယပိုင်းမှာ ပွဲအလှည့်အပြောင်း ဖြစ်လာစေမယ့် အခိုက်အတန့်တစ်ခုကို ဖော်ဆောင်ပေးသွားပါတယ်။ ထရန့်နဲ့ ဘရိုက်တန်တို့ ထိပ်တိုက်ဖြစ်ခဲ့ပြီး မိနစ်ပိုင်းအကြာ လီဗာပူးအသင်း ခြေပဂိုးနဲ့ ဦးဆောင်ဂိုးရခဲ့တာက တိုက်ဆိုင်မှု မဟုတ်ပါဘူး။

တူညီတဲ့ဖြစ်ရပ်မျိုးဟာ ထရန့်နဲ့ ရှာကာတို့ ထိပ်တိုက်တွေ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှလည်း ဖြစ်ခဲ့ဖူးပါတယ်။ အန်ဖီးမှာ အရေးနိမ့်နေခဲ့အပြီး ထရန့်စခဲ့တဲ့ ပေါက်ကွဲမှုဟာ အန်းဖီးပရိသတ်တွေကို ဟုန်းဟုန်းထစေခဲ့တာဖြစ်ပါတယ်။

ဂန္တဝင်တစ်ဦးရဲ့ အစွမ်းကုန်တောက်ပမှုနဲ့ မိုဆာလာ

ပထမပိုင်းမှာ ဆာလာကလည်း ခြေစွမ်းပျောက်နေခဲ့ပေမယ့် အသင်း ရလဒ် လိုအပ်တဲ့ ဒုတိယပိုင်းမှာတော့ သူ့ထံကနေ အနိုင်ဂိုး မြင်ခဲ့ရပါတယ်။ တောင်ပံကနေ သူ ဒါမျိုး လုပ်ပြပေးဖို့ပဲ ပရိသတ်တိုင်းက မျှော်လင့်နေခဲ့ကြပြီး အားလုံးရဲ့ ဆုတောင်းလည်း ပြည့်ခဲ့ပါတယ်။

တိုက်စစ်မှာ ဒါဝင်နဲ့ ဆာလာကြား ချိတ်ဆက်မှု အချို့ကလည်း တော်တော်ကောင်းခဲ့သေးကာ ဥရုဂွေး တိုက်စစ်သမားကို ယုံကြည်မှုပိုင်း ပြန်တက်လာစေဖို့ ဆာလာ အကောင်းဆုံး ကူညီပေးနိုင်ခဲ့တယ်လို့ မြင်ပါတယ်။

အန်ဖီး

ညပွဲမှာ အထင်အကြီးဆုံး အနှစ်သက်ဆုံးကတော့ အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေပါပဲ။ အာဆင်နယ် ရှုံးပွဲရင်ဆိုင်ခဲ့ရပြီး မန်စီးတီးကလည်း ရှုံးနေချိန်မှာ ကွင်းထဲက ပရိသတ်တွေဟာ သူတို့ လုပ်ပေးနိုင်တာ အားလုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။

ကောင်းမွန်တဲ့ အားပေးမှုတွေကို စတင် စုစည်းရင်း အန်ဖီးကွင်းကို ပြင်းရှစွာ ရန်လိုတဲ့၊ အင်အားသုံး တိုက်ခိုက်လိုတဲ့ တိုက်ခိုက်ရေးနေရာဖြစ်သွားအောင် တစ်ဆင့်ခြင်း မြင့်တင်ပေးခဲ့ပါတယ်။ အကယ်လို့ ဒီပွဲသာ အဝေးကွင်းပွဲဆိုရင် အသင်း နိုင်ပွဲရပါ့မလား မသေချာလှပါဘူး။

အခုချိန်မှာ အမှတ်ပေးပွဲ ၁၀ ပွဲကစား ရမှတ် ၂၅ မှတ်ဖြင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပြီပဲ ဖြစ်ပါတယ်။