တနင်္လာနေ့ည လက်စတာကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ရော်ဘတ်တို ဖာမင်နိုဟာ အဝေးကွင်း ပရိသတ်တွေရဲ့ ချစ်ခင်စွာ နှုတ်ဆက်ခြင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့်လို့ ဒီအပတ် စနေနေ့ အန်ဖီးကွင်းမှာ လီဗာပူးပရိသတ်တွေ နှုတ်ဆက်ပေးမယ့် ကစားသမားကတော့ ဖာမင်နို တစ်ဦးတည်း မဟုတ်ပါဘူး။ ဂျိမ်းမီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာနဲ့ အတ်ဒရီယန်တို့ကလည်း ဒီနွေမှာ အလွတ်နဲ့ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဂျူဗင်တပ်ကနေ တစ်ရာသီ အငှား လာကစားတဲ့ အာသာလည်း ထွက်ခွာပါလိမ့်မယ်။
လက်စတာပွဲအပြီးမှာတော့ ယာဂင်ကလော့ပ်က အသင်းကနေ ခွဲခွာသွားတော့မယ့် အသင်းသားတွေကို ပရိသတ်တွေဘက်က ကောင်းမွန်တဲ့ နှုတ်ဆက်ပေးမှု ပြုလုပ်ပေးမယ် မျှော်လင့်ထားကြောင်း ထုတ်ပြောခဲ့တယ်။
“အချို့သော ကစားသမားတွေအတွက် နှုတ်ဆက်မှုရှိမယ့် ပွဲလေး ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့တွေ လေးစားမှုနဲ့ အသိအမှတ်ပြုမှုနဲ့ ချစ်ခြင်းတွေ ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘော်ဘီ တစ်ဦးတည်း မဟုတ်ဘဲ နွေမှာ ထွက်ခွာတော့မယ့် ကစားသမား အားလုံးအတွက်ပါပဲ။
ခက်ခဲတဲ့ ပွဲတစ်ပွဲနဲ့အတူ ထူးရှယ် နေ့လေးတစ်ရက် ဖြစ်လာပါလိမ့်မယ်။ ပွဲချိန်တွင်းဖြစ်ဖြစ် ပွဲပြီးဖြစ်ဖြစ် ဘယ်လို အနေအထားမှာပဲဖြစ်ဖြစ် သေချာလေး နှုတ်ဆက်ပေးရမှာပါ ” လို့ ကလော့ပ်က ဆိုထားပါတယ်။
လီဗာပူးအသင်းဟာ အိုရီဂီနဲ့ ဝိုက်နယ်ဒမ်တို့လို ကစားသမားတွေကို လက်ဆောင်တွေနဲ့တကွ အသင်းဖော်တွေ ကိုယ်တိုင် guards of honour ပြုလုပ်ပြီး နှုတ်ဆက်ခဲ့ဖူးပါတယ်။
အထူးသဖြင့် ကလပ်ရဲ့ ဂန္တဝင်တွေအဖြစ် ပရိသတ်တွေ လက်ခံထားကြတဲ့ ဖာမင်နိုနဲ့ မီလ်နာတို့ဟာ အိမ်ကွင်းပရိသတ်တွေရဲ့ နွေးထွေးတဲ့ နှုတ်ဆက်မှုကို ရရှိသွားဖို့ ရှိနေသလို အဆိုပါပွဲမှာ အနိုင် ၃ မှတ်လည်း သေချာပေါက် ရယူဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။