ဆလော့ လက်အောက် ပိုမို တိုးတက်လာတဲ့ အသင်းသားကို ပရိသတ်တွေ သတိပြုမိလာ

လီဗာပူးအသင်းက လေဗာကူဆင်အသင်း ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရအပြီးမှာတော့ အသင်းသား တစ်ဦးရဲ့ စွမ်းဆောင်ရည်အပေါ် ပရိသတ်တွေဘက်က ထုတ်ဖော်မှုတွေ လုပ်လာနေပါပြီ။

နည်းပြဆလော့ဟာ ကွင်းလယ်မှာ ဆိုဘိုစလိုင်ကို ပိုမို နေရာပေးနေပေမယ့် ကာတစ်ဂျုံးရဲ့ တောက်ပလာမှုဟာ သိသာထင်ရှားတဲ့ အနေအထားမျိုး ဖြစ်လာနေပါတယ်။ ဆလော့ ကိုယ်တိုင်ကလည်း ဂျုံးရဲ့ နေရာမှန်ကို သူသိလာရပြီလို့ ဝန်ခံလာရတယ်။

ရာသီအစောပိုင်းမှာ ဒဏ်ရာကြောင့် ပွဲကစားခွင့်တွေ နည်းပါးခဲ့တဲ့ ဂျုံးကို ဆလော့က နံပါတ် ၆ သမားအဖြစ်ပဲ မြင်ခဲ့တာပါ။ ဒါပေမယ့် ဂျုံးက ရှေ့ပိုတက်ရတဲ့ နေရာမှာ တောက်ပလာတဲ့နောက် အသင်းသားတွေအကြောင်း နေ့စဉ် သင်ယူနေပေမယ့် ပိုသိရမှာတွေ ရှိနေသေးတယ်လို့ ဆလော့က ပြောပါတယ်။

ဒီယက်ဇ်ရဲ့ အဖွင့်ဂိုးအတွက် ကာတစ်ဂျုံးက လက်ဖျားခါလောက်တဲ့ ပေးချက်ကို လုပ်ပေးခဲ့သလို စွမ်းဆောင်ရည်ပိုင်းကို ခြုံငုံရမယ်ဆိုရင် နောက်ပွဲတွေမှာ ပွဲထွက်နေရာက ဆက်သုံးခွင့် ရသင့်သူဆိုတာမျိုး ပရိသတ်တွေဘက်ကလည်း ပြောလာနေပါတယ်။

အခုဆိုရင် လီဗာပူးပရိသတ်တွေဘက်က အက်စတွန်ဗီလာပွဲအတွက် ကွင်းလယ်ပိုင်း ၁ နေရာမှာ ဆိုဘိုအစား ဂျုံးကို သုံးဖို့ ထောက်ခံပေးမှုတွေ အများအပြား ရှိနေပါတယ်။

နောက်ဆုံး နိုင်ငံတကာ သီတင်းပတ်ပြီးကတည်းက မာကာရဲ့ ခြေစွမ်း ကျဆင်းနေခြင်းကြောင့် ဂရာဗင်ဘက်ချ်၊ ဂျုံး၊ ဆိုဘို အတွဲကို သုံးကြည့်ဖို့ တိုက်တွန်းချက်တွေလည်း များပြားလာနေတာပါ။

ဖခင်တစ်ယောက် ဖြစ်လာပြီဖြစ်သလို အသက် ၂၃ နှစ်အရွယ် ရှိလာပြီဖြစ်တဲ့ ဂျုံးဟာ ပိုမို ရင့်ကျက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပွဲထွက်လူစာရင်းမှာ သူ့ကို ဆက်ရှိနေစေချင်တဲ့ ပရိသတ်တွေကို ပိုမို ပိုင်ဆိုင်လာနေပြီပဲ ဖြစ်ပါတယ်။