ပြိုင်ပွဲ ၂ ရပ်လုံးကို ဦးဆောင်နေခြင်း၊ ရီးရဲလ်ကွင်းလယ်နဲ့ စကားပြောနေခြင်း၊ ဒဏ်ရာကနေ ပြန်လာတော့မယ့် စီနီယာ ၄ ဦးနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ချန်ပီယံလိဂ် ပွဲစဉ် ၄ အပြီးမှာ ၁၀၀% နိုင်ပွဲဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေတာက လီဗာပူးအသင်းပဲ ဖြစ်ပါတယ်။

လီဗာပူးကို သူရောက်မလာခင်တည်းက သူ့ကို အားပေးကြဖို့ သီချင်းတစ်ပိုဒ်ဖြင့် သတိပေးသွားတဲ့ ကလော့ပ်ကို အရမ်း ကျေးဇူးတင်ကြောင်းနဲ့ ဒီသီချင်းကို ပွဲနေ့တွေမှာ ဆိုပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆလော့က ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ ကိုနတေးကို သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေကာ ခံစစ်မှူးပြီးရင် ၂၀၂၇ ခုနှစ်ထိပဲ စာချုပ်ကျန်တော့တဲ့ ဒီယက်ဇ်ဘက်ကို လှည့်လာဖို့ ရှိနေပါတယ်။

နိုင်ငံတကာသီတင်းပတ် အပြီးမှာ အယ်လီဆန်၊ ခီယေဆာ၊ ဂျိုတာနဲ့ ဟာဗေးတို့ အသင်းနဲ့အတူ ပြန်ပြီး ပူးပေါင်းနိုင်မယ်လို့ သတင်းထွက်နေပါတယ်။

ဒီနွေတုန်းက အသင်းပြောင်းဖို့ ချိတ်ဆက်ခံနေရတဲ့ ဒီယက်ဇ်ကို လီဗာပူးမှာပဲ ဆက်နေဖို့နဲ့ အဓိက အသင်းသားဖြစ်လာမယ်လို့ အာနယ် ဆလော့နဲ့ ရစ်ချက်ဟုချ်က တားဆီးခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီမှာ ထရန့်ကို ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း နားလည်ထားတယ်လို့ ရိုမန်နိုက ပြောပါတယ်။ လီဗာပူးဘက်ကလည်း သူ့ကို သက်တမ်းတိုးဖို့ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။

ချန်ပီယံရှစ်ကလပ် ဘိုရိုအသင်းကတော့ ဗန်ဒုတ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေပါတယ်။ တိုက်စစ်သမားက ဒီရာသီ အမှတ်ပေးလိဂ်မှာ ကိုယ်တိုင် ၁ ဂိုးသွင်း ၁ ဂိုးပဲ ဖန်တီးထားပေမယ့် စွမ်းဆောင်ရည်ပိုင်း ထူးချွန်ပြနေတာဖြစ်ပါတယ်။

ကလယ်ဟာ ဟာ ချန်ပီယံလိဂ်မှာ ၂ ပွဲဆက် clean sheet ရထားပြီဖြစ်ကာ လာမယ့်နွေမှာ ထွက်ခွာမယ်ဆိုရင် ထိပ်တန်း အသင်းတစ်သင်းသင်းထံ ရောက်သွားသင့်တယ်လို့ မှတ်ချက်ကောင်းတွေ ရနေပြီဖြစ်ပါတယ်။

ချူအာမီနီကို ခေါ်ယူနိုင်ရေး အခြေအနေအတွက် လီဗာပူးဘက်က စတင် စကားပြောကြည့်ထားတယ်လို့ သတင်းထောက် Sacha Tavolieri က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဘဝရဲ့ နောက်ဆုံးအချိန် ရောက်နေတဲ့ အသင်းပရိသတ်အချို့အတွက် အားပေးစကားပြောထားတဲ့ သီးသန့် ဗီဒီယိုတွေကို ပို့ပေးတာမျိုး လုပ်ဆောင်ပေးနေပါတယ်။