

လီဗာပူးအသင်းဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ်ပွဲအဖြစ် အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ပြီး ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ နည်းပြဆလော့ဟာ လူစာရင်းကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပြီး ဒါဝင်၊ ရော်ဘတ်ဆန်တို့ကို ပြန်ပြီး နေရာပေးခဲ့တာကလွဲလို့ တောင့်တင်းတဲ့ လူစာရင်းကို ဆက်ပြီး နေရာချပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ကလပ် ၂ သင်း ထိပ်တိုက်တွေ့ကြသလို ပွဲဆက်တွေ များနေကြခြင်းကြောင့် ဒီပွဲမှာ မြိုင်ဆိုင်တဲ့ တိုက်စစ်ထက် သတိကြီးထားပြီး ကစားကြတဲ့ ပုံစံမျိုး ပိုမြင်ခဲ့ရတယ်။
လီဗာပူးဘက်က ကောင်းမွန်တဲ့ အခွင့်အရေးတွေရသလို အက်စတွန်ဗီလာဘက်ကလည်း half chance လို့ ပြောရမယ့် ဂိုးရနိုင်တဲ့ ဖန်တီးနိုင်စွမ်းတွေဖြင့် တုန့်ပြန် ခြိမ်းခြောက်ခဲ့ပါတယ်။
လီဗာပူးအတွက် သွင်းဂိုးတွေကို ဆာလာရဲ့ ကောင်းမွန်မှုကနေ ဒါဝင်က ပထမပိုင်းမှာ သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆာလာ ကိုယ်တိုင်ကပဲ ဦးဆောင်ဂိုး ထပ်သွင်းကာ အနိုင်သေချာစေခဲ့တယ်။
ဒီနေ့ပွဲမှာ ကလယ်ဟာရဲ့ ထူးချွန်တဲ့ ကာကွယ်မှု၊ ကိုနတေးရဲ့ ဗန်ဒိုက်နဲ့အပြိုင် ခံစစ်ကို ဦးဆောင်နိုင်မှု၊ ဂရာဗင်ဘက်ချ်ရဲ့ ကွင်းလယ် ကစားပေးနိုင်မှုတွေအပြင် အာနယ် ဆလော့ရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့ ပွဲထိန်းချုပ်ဖို့ရာ ညွှန်ကြားမှုတွေဟာ ပရိသတ်တွေကို အားရစေခဲ့ပါတယ်။
Arne Slot and Virgil come to The Kop pic.twitter.com/mku63AEz65
— The Anfield Wrap (@TheAnfieldWrap) November 9, 2024
ပွဲအပြီး အန်ဖီးကွင်း တစ်ခုလုံး အာနယ် ဆလော့ကို အားပေးသံတွေ ဆူညံခဲ့တာကလည်း နည်းပြအပေါ် ယုံကြည်အားကိုးမှုကို မြင်သာစေသလို ဒီနိုင်ပွဲကြောင့် မန်စီးတီးကို ၅ မှတ်ဖြတ်ပြီး နိုင်ငံတကာသီတင်းပတ်ကို ပရီးမီးယားလိဂ် ဦးဆောင်သူအဖြစ် ဝင်ရောက်သွားခဲ့ပါပြီ။