

မိုဆာလာက ကျနေပါပြီကွာ၊ အိုနေပါပြီလို့ အထင်သေးနေသူတွေရှိမယ်ဆိုရင် သူတို့ နားလည်မှုတွေ လွဲနေကြပြီဆိုတာ ပြောပြဖို့ လိုပါလိမ့်မယ်။
အဲ့အတွက် အကောင်းဆုံး သက်သေကတော့ ဆာလာဟာ ၅ ရက်အတွင်းမှာပဲ တိုက်စစ် အကျော်အမော်ဟောင်း အွန်နရီရဲ့ စံချိန် ၂ ရပ်ကို ချိုးဖျက်ပြလိုက်ခြင်းပါပဲ။
ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားအပြီး မိုဆာလာဟာ ကိုယ်တိုင် ၁၀ ဂိုး သွင်းယူထားသလို ဂိုးထောက်ပံ့မှုလည်း ၁၀ ကြိမ် လုပ်ထားနိုင်ပါတယ်။
ဒါကြောင့်ပဲ ဆာလာဟာ အွန်နရီရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ဂိုးထောက်ပံ့မှု ၇၄ ကြိမ်ကို တစ်ကြိမ်အသာ ၇၅ ကြိမ်ဖြင့် ကျော်ဖြတ်နိုင်ခဲ့တယ်။ ဆာလာဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးထောက်ပံ့မှု အများဆုံး စာရင်းမှာ နံပါတ် ၁၃ နေရာကို တက်လာပါတယ်။
ချန်ပီယံလိဂ်မှာလည်း အွန်နရီရဲ့ ဂိုးထောက်ပံ့မှု ၁၆ ကြိမ်ကို ၁၇ ကြိမ်ဖြင့် ကျော်ဖြတ်ပြနိုင်ခဲ့ပါပြီ။ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးထောက်ပံ့မှု အများဆုံး ကစားသမားကတော့ ရော်နယ်ဒိုဖြစ်ပြီး ၄၃ ကြိမ် လုပ်ထားနိုင်ပါတယ်။
ဆာလာဟာ ဂန္တဝင်တွေရဲ့ စံချိန်တွေကိုပါ အမီလိုက်နေပြီး မကြာခင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး တိုက်စစ်မှူး စာရင်းမှာလည်း ထိပ်ဆုံး ၅ ဦးစာရင်းထဲထိ ဝင်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
လီဗာပူးအသင်းနဲ့အတူ ဒီလိုမျိုး ဘောလုံးလောကရဲ့ ဂန္တဝင်ပုံရိပ်ကို ရလောက်မယ့် အနေအထားတွေကြောင့် မကြာခင်မှာ စာချုပ်သစ်ကိစ္စ ကြားရဖို့လည်း မျှော်လင့်နေကြတာ ဖြစ်ပါတယ်။