စာချုပ်ကိစ္စ စတင်တော့မည်၊ ဗန်ဒိုက်ရဲ့ အသင်းဖော်တွေကို သတိပေးမှု၊ ဂရာဗင်ဘက်ချ်ရဲ့ ကာကွယ်မှုတွေအကြောင်း အသံထွက်လာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီး လီဗာပူးအသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးကို ၅ မှတ်၊ အဆင့် ၃ နေရာက ချယ်ဆီးနဲ့ အဆင့် ၄ နေရာက အာဆင်နယ်တို့ကို ၉ မှတ်စီ ဖြတ်ထားနိုင်ပါပြီ။

ရမှတ်တွေ အရမ်း ပြတ်လာနေပေမယ့် မနှစ်ကရာသီတွေက အဖြစ်ကို သင်ခန်စားယူကြဖို့နဲ့ နိုင်ပွဲကို ဆက်တိုက် ယူနိုင်ဖို့ အားထုတ်ကြဆိုပြီး ဗန်ဒိုက်က အသင်းဖော်တွေကို သတိပေးပါတယ်။

လက်ရှိ ဘောလုံးရာသီရဲ့ အကောင်းဆုံး ခံစစ်ဟာ လီဗာပူးခံစစ်ကြောင်းဖြစ်ပြီး Clean Sheet ၆ ပွဲရထားကာ ပေးဂိုး ၆ ဂိုးပဲ ရှိပြီး ဂိုးရနိုင်တဲ့ အခွင့်အရေး ခွင့်ပြုရမှုမှာလည်း အနည်းဆုံးအသင်းဖြစ်ပါတယ်။

အက်စတွန်ဗီလာပွဲမှာ ဒါဝင်က ဗိုက်ထဲ ဘောလုံးထည့်ပြီး အောင်ပွဲခံခဲ့တာက သူ့ရဲ့ ချစ်ဇနီးဟာ ကိုယ်ဝန်လွယ်ထားရတာကြောင့် ဖြစ်ပါတယ်။

ထရန့်ရဲ့ ဒဏ်ရာ အခြေအနေအတွက် စကန်ဖတ်ထားတဲ့ ရလဒ် မရသေးပေမယ့် ခံစစ်သမား ကိုယ်တိုင်ကတော့ သိပ်ပြီး မပြင်းထန်ဘူးလို့ ယုံကြည်နေပြီး ကြွက်သား နာကျင်မှုလောက်တင်ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။

အက်စတွန်ဗီလာပွဲမှာ ကလယ်ဟာရဲ့ ကာကွယ်မှုကို လူတွေ သတိထားမိကြပေမယ့် ဂရာဗင်ဘက်ချ်ကလည်း ခံစစ် ဧရိယာထဲမှာ ဗီလာရဲ့ အပိုင် ပိတ်ချက် ၂ ကြိမ်ကို block ဝင်ကာပေးနိုင်ခဲ့ပါတယ်။

ဆာလာဟာ လီဗာပူးအသင်းကနေ ထွက်ပြီး အခြားနေရာတွေကို ပြောင်းမယ့် အရိပ်အယောင် မရှိသေးဘဲ သူ့မိသားစုဟာ မာဆေးဆိုဒ်မှာ အခြေကျနေပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးအသင်းနဲ့ ဆာလာတို့ စာချုပ်သစ်ကိစ္စ ဆွေးနွေးဖွယ်ရှိပြီး ကစားသမားဘက်က အနည်းဆုံး ၂ နှစ် သက်တမ်းတိုး စာချုပ်မျိုး တောင်းဆိုဖွယ် ရှိကြောင်း အာရပ်သတင်းထောက်တွေက ပြောပါတယ်။

လူငယ် တိုက်စစ်သမား ဗန်ဒုတ်ဟာ ချန်ပီယံရှစ်မှာ ထူးချွန်ခြေစွမ်းတွေ ပြသနေပြီး အဓိက ပွဲထွက်သူနေရာ ဆက်ယူထားဖွယ် ရှိနေပါတယ်။