မန်စီးတီးကို ဖြိုဖို့ဆိုရင် လီဗာပူးလို အာဆင်နယ်လို တစ်သင်းကောင်းပဲ ပေါ်ထွက်လာလို့ မရကြောင်း သတိပေးမှု

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးကပဲ အနိုင်ရဖို့ နီးစပ်နေတဲ့နောက် လာမယ့်ရာသီ အမှတ်ပေးဖလား အနိုင်ရရေးဟာ ပိုမို ခက်ခဲလာတော့မယ်လို့ အာဆင်နယ် ကစားသမားဟောင်း အီရန်ရိုက်က ထုတ်ပြောလာခဲ့ပါတယ်။

ကုန်ခဲ့တဲ့ ၆ ရာသီအတွင်း လီဗာပူးအသင်း တစ်ကြိမ် ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့တာကလွဲရင် မန်စီးတီးကို ကျော်ဖြတ်နိုင်တဲ့အသင်း မရှိသေးပါဘူး။ လီဗာပူးဟာ မန်စီးတီးနောက် ၁ မှတ်အကွာနဲ့ ၂ ကြိမ် ဒုတိယနေရာကနေ ရာသီသိမ်းခဲ့ပြီး အဲ့လောက် အနီးကပ် ဖိအားပေးနိုင်တာဆိုလို့ ဒီရာသီ အာဆင်နယ်ပဲ ရှိပါသေးတယ်။

လာမယ့်ရာသီမှာ အင်္ဂလန်ထိပ်သီးတွေ အင်အားမတောင့်တင်းလာရင်တော့ မန်စီးတီးကို ဖြိုလဲဖို့ ခက်ခဲနေဦးမယ်လို့ အီရန်ရိုက်က ဆိုပါတယ်။

‘ ဒီရာသီ အာဆင်နယ်အသင်းကို ဂုဏ်ယူပေမယ့် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ မဖြစ်နိုင်သေးတာ လူတိုင်း သိပါတယ်။ အသက်အရွယ်အရကော သမ္ဘာအရနဲ့ ဒဏ်ရာ ပြဿနာတွေအရရောပေါ့။ ဒီရာသီ အာဆင်နယ်က အမြင့်ဆုံးကို ရောက်ခဲ့ပေမယ့် မန်စီးတီးကလည်း သိပ်ကိုကောင်းလွန်းတဲ့အသင်း ဖြစ်ပါတယ်။

လာမယ့်ရာသီမှာတော့ ချယ်ဆီးကို ကိုင်တွယ်ဖို့ ပိုချက်တီနို ရောက်ရှိလာတော့မှာပါ။ ချယ်ဆီးကလည်း တောင့်တင်းတဲ့ လူစာရင်း ရှိထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း အိပ်ပျော်နေခဲ့တာ အတော်ကြာနေတဲ့ အသင်းပါ။ သူတို့ ဘာဖြစ်လာမယ် ဆိုတာ မသိနိုင်သေးပါဘူး။

လီဗာပူးအသင်းက သူတို့အသင်းမှာ လိုအပ်နေတဲ့ ကစားသမားတွေကို ဒီနွေမှာ ခေါ်ယူပြီး ထိပ်ဆုံး အဆင့်တွေကို ပြန်တက်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုအသင်းတွေ အပြင် မန်စီးတီး၊ အာဆင်နယ်၊ နယူးကာဆယ်တို့ကပါ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်မှာပါ။ အားလုံးက အင်အားကောင်းလာနေပြီမို့ စိတ်လှုပ်ရှားစရာ ဖြစ်လာပါလိမ့်မယ်။

၆ နှစ်အတွင်း မန်စီးတီးက ၅ ကြိမ် ချန်ပီယံ ဖြစ်လာမယ်ဆိုရင် အမှတ်ပေး ချန်ပီယံဖြစ်ဖို့ အသင်းတိုင်းက ရမှတ် ၉၀ အနည်းဆုံးရဖို့ လိုအပ်လာတော့မှာပါ။ လီဗာပူးကလည်း မန်စီးတီးလို လုပ်နိုင်တယ်ဆိုတာ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ လီဗာပူး အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာတောင် မန်စီးတီးက ယှဉ်ပြိုင်ရ ခက်ခဲနေဆဲပါပဲ။

လီဗာပူး လုပ်ခဲ့သလို ဒီရာသီ အာဆင်နယ် ယှဉ်ပြိုင်လာသလို မန်စီးတီးကို ဖြိုလဲဖို့ကတော့ ချယ်ဆီး၊ လီဗာပူး၊ ယူနိုက်တက်၊ အာဆင်နယ်၊ နယူးကာဆယ် အသင်းတွေ အားလုံး အင်အားတောင့်တင်းလာမှပဲ ရပါလိမ့်မယ် ’ လို့ အီရန်ရိုက်က မှတ်ချက်ပေးခဲ့ပါတယ်။

ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ အမာခံ အစုအဖွဲ့ကို ပြန်လည် ရရှိနေတာမို့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားအတွက် ကြီး ၆ ကြီးနဲ့ အပြိုင် ပြန်လည် စိန်ခေါ်လာနိုင်မယ်လို့ လီဗာပူးပရိသတ်တွေ မျှော်လင့်ထားတာ ဖြစ်ပါတယ်။