

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အမှတ်ပေးဖလားတွေကို လီဗာပူးအသင်း ဦးဆောင်လာနေချိန် ဒီအပတ်မှာတော့ နိုင်ငံတကာပွဲတွေကြောင့် ကလပ်ပွဲတွေ ရပ်နားထားမှာပါ။
လီဗာပူးအသင်းဟာ အိမ်ကွင်း အန်ဖီးမှ ပရိသတ်အားနဲ့အတူ ချန်ပီယံလိဂ်မှာ လေဗာကူဆင်ကို ၄-၀၊ ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာကို ၂-၀ ဖြင့် အနိုင်ယူထားခဲ့ပါတယ်။
ဒီကာလတွေအတွင်း ထပ်တိုး ဒဏ်ရာရ ကစားသမားအဖြစ် ထရန့် တစ်ဦးတည်း ရှိနေပြီး အင်္ဂလန်ညာအစွန်လူဟာ လက်ရွေးစင်အသင်းကနေ နှုတ်ထွက်မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ဂျိုတာ၊ အယ်လီဆန်၊ ခီယေဆာနဲ့ ဟာဗေးတို့လည်း အက်ဆာမှာပဲ ဆက်ရှိနေမှာပါ။
အီဂျစ်အသင်းကတော့ တိုက်စစ်မှူး ဆာလာကို အာဖရိကဖလား ခြေစစ်ပွဲတွေအတွက် ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်အသင်းတွေရဲ့ မြက်ခင်းတုကွင်းနဲ့ ကြမ်းတမ်းတဲ့ ကစားပုံတွေဟာ ဆာလာကို ဒဏ်ရာရစေနိုင်တာကြောင့် ချန်လှပ်ခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံတကာ သီတင်းပတ်အတွက် လက်ရွေးစင်တွေ ခေါ်ယူထားတဲ့ လီဗာပူးကစားသမား ၁၇ ဦးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဂိုးသမား – ကလယ်ဟာ။
ခံစစ် – ဗန်ဒိုက်၊ ကိုနတေး၊ ကွမ်းဆက်၊ ရော်ဘတ်ဆန်၊ ကိုစတက်၊ ဘရတ်ဒလေ၊ ရန့် (နှုတ်ထွက်ဖွယ်ရှိ)။
ကွင်းလယ် – အန်ဒို၊ ဂရာဗင်ဘက်ချ်၊ မော်တန်၊ မာကာ၊ ဂျုံး၊ ဆိုဘို။
တိုက်စစ် – ဒီယက်ဇ်၊ ဂက်ပို၊ ဒါဝင်။
အငှားချထားသူတွေနဲ့ လူငယ်တွေထဲကဆိုရင် မာမာဒီရှီဗီလာ (ဂိုး)၊ အိုဝင်ဘက်ခ် (ခံစစ်) ၊ နိုင်ယွန်နီ (ကွင်းလယ်)၊ ဂေါ်ဒန် (တိုက်စစ်)၊ ဗန်ဒုတ် (တိုက်စစ်)၊ ကူးမက်စ် (တိုက်စစ်)တို့ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေအတွက် ရွေးချယ်ခံထားရပါတယ်။