NEWS: မန်စီးတီးကို အရေးယူရင် ရပိုင်ခွင့် ငွေကြေးတွေ ပြန်တောင်းမယ့် အင်္ဂလန်ကလပ် ၄ သင်း

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှု စည်းမျဉ်းပေါင်း ၁၁၅ ခုကို ချိုးဖောက်ထားတဲ့ မန်စီးတီးကို အရေးယူရင် ရပိုင်းခွင့် တောင်းဆိုမယ့် ကလပ် ၄ သင်းထဲ လီဗာပူးလည်း ပါဝင်လာပါတယ်။

လီဗာပူးအပြင် ယူနိုက်တက်၊ အာဆင်နယ်၊ စပါးတို့ဟာ မန်စီးတီးကို အမှန်တကယ် အရေးယူခဲ့ပါက လျော်ကြေးရဖို့ တရားဝင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကလပ်တွေဘက်က မှတ်ချက်ပေးဖို့ ငြင်းဆန်နေဆဲပါ။

The Times ရဲ့ ဖော်ပြချက်မှာတော့ မန်စီးတီး တကယ် အပြစ်ရှိခဲ့ရင် ကလပ်တွေက သူတို့ နစ်နာခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ဆုကြေးတွေ၊ ချန်ပီယံလိဂ် အပြင် အခြားသော ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် အခွင့်အရေးတွေနဲ့ ဆုကြေးတွေ အပါအဝင် ပေါင် သန်းရာချီအတွက် တောင်းဆိုမယ်လို့ ဆိုပါတယ်။

မန်စီးတီးကို အရေးယူမှုဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းဖြစ်ပြီး အဆိုပါ ကာလတွေအတွင်းမှာ လီဗာပူးအသင်းဟာ ၂၀၁၃-၂၀၁၄ တုန်းက တစ်ကြိမ် မန်စီးတီးနောက် ဒုတိယနေရာကနေ ရာသီသိမ်းခဲ့ကာ စပါးနဲ့ အာဆင်နယ်တို့က ချန်ပီယံလိဂ်ဝင်ခွင့်တွေ လွဲခဲ့တာပါ။

ယူနိုက်တက်ကလည်း ဒီကာလတွေအတွင်း မန်စီးတီးနောက် ဒုတိယနေရာကနေ ရာသီသိမ်းမှု ၂ ကြိမ် ရှိခဲ့တာဖြစ်ပါတယ်။

ကလပ်တွေဟာ စီးတီးကို အရေးယူခြင်းကနေ ဖလားပြန်လွဲယူဖို့ကို မျှော်လင့်မထားဘူးလို့ အစောပိုင်း သတင်းတွေမှာ သိထားခဲ့ရပါတယ်။ ဒါပေမယ့် နစ်နာခဲ့ရတဲ့ ဆုကြေးတွေကိုတော့ ပြန်ရလိုနေတာပဲ ဖြစ်ပါတယ်။