

နိုင်ငံတကာသီတင်းပတ်အတွင်း အာဂျင်တီးနားအသင်းက ပါရာဂွေးအသင်းကို ၂-၁ ဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သလို ကွင်းလယ်လူ မာကာရဲ့ ခြေစွမ်းက စိတ်ပူစရာဖြစ်လာနေပါတယ်။
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အစောပိုင်း ၁၀ ပွဲမှာ ၂၂ မှတ်ရထားတဲ့ အသင်းဖြစ်ကာ ၁၁ ပွဲမြောက်တော့ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် ဇယားထိပ်မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။
အဆိုပါပွဲမှာ မာကာဟာ ကွင်းလယ် နံပါတ် ၆ သမား နှစ်ဦးရှေ့ကနေ လွတ်လွတ်လပ်လပ် ပိုကစားရတဲ့ နံပါတ် ၁၀ သမားမျိုး ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အဆင်မပြေဖြစ်ခဲ့တာကြောင့်ပဲ ပွဲချိန် ၁ နာရီလောက်မှာတင် လူစားလဲခံခဲ့ရတယ်။
လက်တလောမှာ အာဂျင်တီးနားနဲ့တကွ ဒေသတွင်း သတင်းဌာနတွေကတော့ မာကာကို နံပါတ် ၁၀ နေရာမှာ သုံးလို့မရဘူးဆိုတဲ့ထိ ထင်မြင်ချက်တွေ ပေးလာနေပြီး သူ့ရဲ့ ခြေစွမ်း ကျဆင်းနေမှုအပေါ်လည်း မှတ်ချက်တွေ များလာနေပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတကာသီတင်းပတ်မှာတည်းက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ မာကာဟာ လီဗာပူးအသင်းမှာလည်း ပုံမှန်ခြေစွမ်းထိန်းနိုင်ရေး ရုန်းကန်နေရတာပါ။ ဘရိုက်တန်၊ လေဗာကူဆင်၊ အက်စတွန်ဗီလာတို့ကို ရင်ဆိုင်တဲ့ပွဲမှာဆိုရင် မာကာ ခြေမစွာနိုင်လို့ အသင်းကွင်းလယ်က ရုန်းကန်ရတာတွေ ရှိနေပါတယ်။
ပွဲဆက်များလွန်းနေတာလား။ ကြံ့ခိုင်မှုကြောင့်လားဆိုတာ မသဲကွဲပေမယ့် အာဂျင်တီးနားသားကြီး ခြေကျနေတာကို သတိပြုမိနေတဲ့ လီဗာပူးပရိသတ်တွေကလည်း မာကာကို ဂရုစိုက် သုံးဖို့ လိုအပ်ကြောင်း အသံပေးလာနေတာပဲဖြစ်ပါတယ်။