

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းကို နည်းပြသစ်နဲ့ အထိုင်ကျအောင် ရုန်းကန်ရမယ့် အသင်းလို့ ဘယ်သူကမှ ပေါ့သေးသေး မတွက်ဆရဲတော့ပါဘူး။
ရာသီစတုန်းကတော့ ဒီတွက်ဆမှုတွေ ရှိခဲ့တာဖြစ်ပြီး အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က ပရိသတ်ကြိုက် မလိုက်ဘူး အသင်းအတွက် အကောင်းဆုံးဖြစ်ဖို့ ဦးစားပေးမယ် ဆိုကာ နာမည်သိပ်မရှိတဲ့ အာနယ် ဆလော့ကို ရွေးချယ်ခဲ့တုန်းကဆိုရင် လီဗာပူးခေတ်က ပြီးဆုံးပြီလို့ ဝမ်းသာခဲ့ကြသူတွေ မနည်းခဲ့ပါဘူး။
အခုချိန်မှာတော့ အာနယ် ဆလော့ လက်အောက် လီဗာပူးအသင်း ပိုမို တည်ငြိမ်လာချိန်မှာ နာမည်ကြီး သုံးသပ်သူတွေက အသင်းကို မလေးမစား မပြောရဲတော့သလို နည်းစနစ်ပိုင်း သုံးသပ်သူတွေကလည်း အာနယ် ဆလော့ကို တန်းတစ်ခုမှာထားပြီး စကားပြောလာနေရပါပြီ။
ဗြိတိန်ဘောလုံးအသိုင်းအဝိုင်းမှာ ဩဇာကြီး မီဒီယာတစ်ခုဖြစ်တဲ့ The Athletic ကဆိုရင် အာနယ် ဆလော့အကြောင်း ဆက်တိုက် ချီးကျူးဆောင်းပါးတွေကိုပဲ ရေးသားနေခဲ့ပြီး အဲ့ထဲက ကိုယ်တိုင် သဘောကျမိတဲ့ တစ်ပုဒ်ကို LFCThaDin ဖတ်ရှုသူတွေအတွက် မျှဝေလိုက်ပါတယ်။
(ပေါ့ပေါ့ပါးပါး ဖတ်စေချင်တာကြောင့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်တွေကို ဖြုတ်ထားလိုက်ပါတယ်)
လီဗာပူးကို ဘယ်သူ အထင်သေးရဲမလဲ..
ပရီးမီးယားလိဂ်ဆိုပြီး စတင် ဖွဲ့စည်းကတည်းက ပြိုင်ပွဲသမိုင်းမှာ အင်္ဂလန်ကို ရောက်ရောက်ချင်း ဘောလုံးရာသီမှာတင် အမှတ်ပေးဖလားရတဲ့သူ နည်းပြ ၅ ဦးပဲ ရှိဖူးပါတယ်။ သူတို့က အာဆင်ဝင်းဂါး၊ ဟိုဆေး မော်ရင်ညို၊ ကာလိုစ့် အန်ဆယ်လော့တီ၊ ပယ်လီဂရီနီနဲ့ ကွန်တီတို့ပဲဖြစ်ပါတယ်။
ဂွာဒီယိုလာလို နည်းပြတောင် ဒုတိယရာသီမှ ရခဲ့တာပါ။ ကင်နီဆိုရင် ဘလက်ဘန်းမှာ ၃ နှစ်နည်းပြပြီးမှ ရခဲ့တယ်။ ကလော့ပ်ဟာလည်း ၄ ရာသီ အချိန်ယူခဲ့ရတယ်။ ဒါကြောင့်ပဲ ဘယ်သူကမှ အာနယ် ဆလော့ လီဗာပူးမှာ အောင်မြင်မယ် မထင်ခဲ့ကြဘူး။
ရာသီစတုန်းက ဘီဘီစီ သုံးသပ်သူ အယောက် ၃၀ ကို ဒီရာသီ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ မေးခဲ့တုန်းက အာလုံးက မန်စီးတီးနဲ့ အာဆင်နယ်ကိုပဲ ရွေးခဲ့ကြပါတယ်။
တကယ်တမ်းက အင်္ဂလန်ကို ရောက်လာတဲ့ မန်နေဂျာသစ်တစ်ယောက် အောင်မြင်ဖို့ အကောင်းဆုံး အခွင့်အရေးက အမြန်ဆုံး လုပ်ပြဖို့ပါပဲ။ ပြိုင်ဘက်တွေက သူ့ရဲ့ အိုင်ဒီယာ၊ နည်းစနစ်တွေကို ကောင်းကောင်းကြီး နားမလည်နိုင်သေးခင် အသင်းသားတွေကလည်း တူညီတဲ့ လေ့ကျင့်ရေးကို အပတ်တိုင်း လုပ်နေရတာကို ငြီးငွေ့မလာခင်မှာပေါ့။
ကလော့ပ်ခေတ်နဲ့ နှိုင်းယှဉ်ရင် ကနဦးကာလမှာ အားနည်းတဲ့အသင်းတွေကို ပိုမို ရင်ဆိုင်ခဲ့ရတဲ့ အာနယ် ဆလော့ဟာ ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တယ်။ အဲ့နောက်ပိုင်း လီဗာပူးက ပွဲတွေကို သက်သက်သာသာ အနိုင်ရမှု ပိုတိုးတက်လာတယ်။
ဒီရာသီ ပြိုင်ဘက်တွေ ကမောက်ကမဖြစ်တာကို ကောင်းကောင်းကြီး အခွင့်အရေး ယူနိုင်ခြင်းကြောင့် အခုတော့ လီဗာပူးမှာ အခွင့်အရေးကြီး ပေါ်လာနေပြီ။ ဘယ်သူမှလည်း ဒါကို မငြင်းရဲကြတော့ပါဘူး။
လီဗာပူးအသင်းကို ကြည့်ရတာဟာ ဆာအဲလက်စ် ဖာဂူဆန်၊ အာဆင်ဝင်းဂါး၊ ဟိုဆေး မော်ရင်ညိုတို့ရဲ့ ခေတ်ဦးကာလတွေမှာ ပြသခဲ့တဲ့ အဆင့်အတန်းရှိတဲ့ စွမ်းဆောင်ရည်တွေလိုပါပဲ။ ပွဲတွေကို အရမ်းကြီး အားမထုတ်ဘဲ ကောင်တာအခွင့်အရေး ရရင်တော့ အပြင်းအထန် ဂိုးသွင်းပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် စိန်ခေါ်သူဖြစ်လာတဲ့ လီဗာပူးထံက ကစားပွဲတွေအတွင်း တကယ်ကြီး ကြီးကျယ်ခမ်းနားမှုတွေ မမြင်ရသေးပါဘူး။ မနှစ်ကရာသီမှာ ၄ ဂိုးနဲ့အထက် ဂိုးသွင်းနိုင်တဲ့ ပွဲစဉ် ၇ ပွဲလောက် ရှိခဲ့တာမျိုး အာနယ် ဆလော့ရဲ့ လီဗာပူးထံက မမြင်ရသေးဘူး (လေဗာကူဆင်ပွဲမှာ သွင်းခဲ့သော်ညား) ။
ဒါပေမယ့် အကောင်းမြင်စရာက လီဗာပူးအသင်းဟာ ပွဲတွေကို ပိုထိန်းချုပ်လာနိုင်တယ်။ ထိန်းချုပ်ကစားဖို့လည်း ပိုရင့်ကျက်လာနေပါတယ်။ တကယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂-၀ ဆိုတာမျိုးဟာ အန္တရာယ်ရှိနေဆဲ ရလဒ်ဖြစ်ပေမယ့် လီဗာပူးနဲ့တော့ မရပါဘူး။ ဆလော့တို့အသင်းကို ကြည့်ရတာ လုံးဝ အမှားအဖြစ်မခံပါဘူး။
ပွဲထွက် ၁၁ ဦးကလည်း ကောင်းကောင်းကြီး ဟန်ချက်ညီတယ်။ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စက မေးခွန်းထုတ်စရာဖြစ်ပေမယ့် အဲ့တာကလွဲလို့ လီဗာပူးကို ကြည့်ရတာ ဘာဖိအားမှ မရှိဘူး။
ကလော့ပ် နေရာကို အာနယ် ဆလော့က သက်သောင့်သက်သာ ဝင်ရောက်နေချိန် လီဗာပူးပရိသတ်တွေကလည်း ဘာလုပ်ပေးရမယ့် တောင်းဆိုတာမျိုးထက် နည်းပြနဲ့ အသင်းအတွက် အစွမ်းကုန် အားပေးဖို့ကိုပဲ အဆင့်သင့်ဖြစ်နေကြတယ်။
ဆလော့ရဲ့ ပွဲဦးထွက်ကတော့ ကြီးကြီးမားမား အောင်မြင်သွားနိုင်ပါတယ်။