လီဗာပူး ပစ်မှတ် အဲလက်စ် စကော့အတွက် ကြေးမြင့်မြင့် တောင်းဆိုတဲ့ ဘရစ္စတို စီးတီး

လီဗာပူးအသင်းဟာ မက်အယ်လစ္စတာအတွက် ပေါင် သန်း ၇၀ ကုန်ကျမယ့် အပြောင်းအရွှေ့အတွက် ကြိုးစားနေစဉ်မှာပဲ အခြားသော ပစ်မှတ်တွေအတွက် ဦးတည်မှုတွေလည်း ရှိနေပါတယ်။

အဲလက်စ် စကော့ဟာ ဒီနွေမှာ မာဆေးဆိုဒ်ကို ပြောင်းလာမယ့် ကွင်းလယ်လူအဖြစ် သတင်းကြီးတွေ ထွက်ထားခဲ့သေးတာပါ။ လီဗာပူး Echo ဘက်ကတော့ အသင်းဟာ လူငယ်လေးရဲ့ တိုးတက်မှု အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဖော်ပြလာခဲ့တယ်။

ချန်ပီယံရှစ် တစ်နှစ်တော အကောင်းဆုံး ကစားသမားဆုကို ရရှိထားတဲ့ ကွင်းလယ်လူအတွက် ဘရစ္စတို စီးတီးဘက်ကတော့ ပေါင် ၂၅ သန်းထက် သက်သာတဲ့ စျေးနဲ့ ရောင်းချမှာ မဟုတ်ကြောင်း ၎င်းကလပ်ရဲ့ နည်းပြ ကိုယ်တိုင်က ထုတ်ပြောလာခဲ့တယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီနွေမှာတော့ ယူ-၂၀ ကမ္ဘာ့ဖလားကို အင်္ဂလန်အသင်းနဲ့အတူ ပါဝင် ယှဉ်ပြိုင်သွားမှာပါ။ အင်္ဂလန်အသင်း စီနီယာအချို့ကပါ သဘောကျခြင်း ခံထားရတဲ့ ကွင်းလယ်လူဟာ အနာဂတ်မှာ လက်ရွေးစင် အသင်းကြီးကို ကိုယ်စားပြုခွင့်ထိ တိုးတက်နိုင်မယ်လို့ သတင်းကြီးထားပါတယ်။

စကော့ကို လီဗာပူးဘက်က သဘောကျပေမယ့် အဆင့်မြင့်တန်းမှာ လုံးဝ မကစားဖူးသေးတဲ့ ကြယ်ပွင့် တစ်ဦးအတွက် ပေါင် ၂၅ သန်းဆိုတာက များပြားတဲ့ ပမာဏ ဖြစ်ပါလိမ့်မယ်။

လီဗာပူးအသင်းဟာ အတိတ်ကလည်း လွိုက်ကယ်လီလို ချန်ပီယံရှစ် ကြယ်ပွင့်မျိုးကို စိတ်ဝင်စားဖူးပေမယ့် ပေါင် သန်း ၂၀ အထက်ဆိုရင် စျေးပေး ခေါ်ယူလေ့ မရှိတာ ဖြစ်ပါတယ်။