အခု ဂျုံး သိပ်ကောင်းနေပါတယ်.. ဒါပေမယ့် ယုံကြည်ပေးဖို့ ခက်ခဲပါတယ် ဆိုလာသူ

လီဗာပူး ကွင်းလယ်လူ ကာတစ်ဂျုံးဟာ ဒီရာသီ အာနယ် ဆလော့ လက်အောက်မှာ ပိုမို တောက်ပလာနေပြီး အင်္ဂလန်အတွက် ပထမဆုံး ပွဲဦးထွက်ကနေ ပါဝင်ရချိန် ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ လီဗာပူးရဲ့ အရေးပါသူ တစ်ဦးအဖြစ် ဆက်တိုက် စွမ်းဆောင်ပြလာပေမယ့် အကယ်ဒမီထွက် ကွင်းလယ်လူကို မယုံကြည်ဖြစ်နေဆဲလို့ စတိဗ်နီကိုးက ပြောပါတယ်။

ဒါကလည်း ဂျုံးရဲ့ ကစားသမားဘဝ မကြာခဏ ရတတ်တဲ့ ဒဏ်ရာတွေကြောင့်ပဲ ဖြစ်ကာ အခုလို ခြေစွာနေချိန်မှာတောင် သူ့ကို ချီးကျုးဖို့ထက် သူ ပြန်ပြီး နာသွားမလားဆိုတဲ့ ခံစားချက်မျိုး ရှိနေကြောင်း နီကိုးက အခုလို ပြောခဲ့ပါတယ်။

“ လက်တလောမှာ ဂျုံးက သိပ်ကောင်းနေတယ်။ အင်္ဂလန်အတွက် သူပွဲထွက်တုန်းကလည်း ကိုယ့်အသင်း ပင်နယ်တီ ဧရိယာကနေ ပြိုင်ဘက်ဧရိယာထဲထိ တောက်လျှောက် ဝင်ရောက်သွားပြီး သိပ်ကောင်းတဲ့ဂိုးကို သွင်းပြခဲ့သေးတယ်။

ဂျုံးဟာ ကွင်းထဲမှာ အသင်းဖော်တွေအတွက် အမြဲတမ်း အဆင်သင့်ရှိနေတယ်၊ မှန်ကန်တဲ့ပေးချက်တွေ လုပ်ပေးတယ်၊ ဆုံးဖြတ်ချက်တွေတိုင်း မှန်ကန်နေတယ်။ ဂျုံးက ကွင်းထဲက လူတိုင်းကို ပိုကောင်းလာစေတယ် ဒါပေမယ့် သူ့ကို ကွင်းလယ်မှာ မြင်နေရတာက ကျနော်အတွေးတွေကို ပြောင်းစေဖို့အတွက် ခက်ခဲနေစေတုန်းပဲ။

လီဗာပူးအသင်းမှာ သူကစားနေတဲ့ ကာလတစ်လျှောက် ကာတစ်ဂျုံးက မကြာခဏ ဒဏ်ရာရသွားလေ့ရှိတယ်။ ၂ ပွဲ ၃ ပွဲလောက် ကစားမယ် ပြီးရင် သူနာသွားမယ်။ ဒီရာသီမှာ သူ အဲ့လို မကြာခဏ ဒဏ်ရာရတာမျိုး မရှိတော့ဘဲ အပြောင်းအလဲ လုပ်ပြလာနိုင်တာ ဖြစ်ကောင်းဖြစ်မယ်။

ဒါပေမယ့် ကွင်းလယ်မှာ ကာတစ်ဂျုံးကို မြင်ရတာကို ယုံကြည်ပေးဖို့က ကျနော်အတွက် အခက်အခဲ ဖြစ်နေတုန်းပါပဲ ” လို့ နီကိုးက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီအစောပိုင်းမှာ ဂျုံး ဒဏ်ရာရခဲ့သေးပေမယ့် ဒီနောက်ပိုင်း ဆက်တိုက် ကစားနိုင်နေပြီး ကြံ့ခိုင်မှုပိုင်း ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။