

နိုဝင်ဘာ နိုင်ငံတကာသီတင်းပတ်အပြီး ဒဏ်ရာကနေ ပြန်သက်သာလာမယ့် လီဗာပူးကစားသမားတွေရဲ့ အခြေအနေ ဖြစ်ပါတယ်။
အယ်လီဆန် – တံကောက်ကြော
ပြန်ကစားနိုင်မယ့် အချိန် – နိုင်ငံတကာသီတင်းပတ် အပြီးလို့ သိထားရပြီး အသေးစိတ် အခြေအနေကို ကလပ်ဘက်က ထုတ်ပြန်ထားခြင်း မရှိပါ။
အောက်တိုဘာလ ၅ ရက်နေ့ ပဲလေစ့်ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကနေ အယ်လီဆန် အနားယူနေရတာဟာ ၆ ပတ်ဝန်းကျင် ရှိနေပြီဖြစ်ကာ လာမယ့် ၂ ပတ်အတွင်း ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
ထရန့် – တံကောက်ကြော
ပြန်ကစားနိုင်မယ့်အချိန် – ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် မန်စီးတီး
ထရန့်ရဲ့ ဒဏ်ရာက အသေးစားဖြစ်တာဟာ လီဗာပူးအတွက် ကံကောင်းခဲ့ပါတယ်။ နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်တာဝန်ကနေ အနားယူခဲ့ပြီး ဒေသတွင်းမှာ သွားသွားလာလာ လှုပ်ရှားနေတာမျိုး မြင်ထားရတယ်။ ဆောက်သမ်တန်ပွဲမှာ အရန်လူစာရင်းကနေ ပါဝင်သွားဖွယ် ရှိနေပါတယ်။
ဟာဗေး – ခြေထောက်
ပြန်ကစားနိုင်မယ့် အချိန် – ဆောက်သမ်တန်
အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ ဒဏ်ရာရလာတဲ့ ဟာဗေးဟာ ၂ လဝန်းကျင် အနားယူခဲ့ရပေမယ့် လူငယ်အသင်း လေ့ကျင့်ရေးတွေမှာ ပြန်တွေ့လာရပါတယ်။ အကောင်းဆုံး ကြံ့ခိုင်မှုရဖို့ အချိန်ယူရမှာဖြစ်ပေမယ့် ဒီရာသီ အာနယ် ဆလော့ လက်အောက် ပွဲကစားခွင့် လုံးဝနီးပါး မရထားသေးသူ ဖြစ်ပါတယ်။
ခီယေဆာ – ကြံ့ခိုင်မှု
ပြန်ကစားနိုင်မယ့် အချိန် – မကြာခင်
အီတလီသားဟာ ကြီးကြီးမားမား ဒဏ်ရာ မရှိဘဲ ပွဲနေ့တွေအတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခြင်းကြောင့် သီးသန့် အချိန်ပေးထားခြင်းဖြစ်ပါတယ်။
ဂျိုတာ – နံရိုး
ပြန်ကစားနိုင်မယ့် အချိန် – နယူးကာဆယ်
ချယ်ဆီးကို အနိုင်ရတဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်ရာက နံရိုး ဒဏ်ရာရခဲ့တဲ့ ဂျိုတာဟာ ပြန်သက်သာလာတော့မှာပါ။ ဒါပေမယ့် ဆောက်သမ်တန်၊ မက်ဒရစ်၊ မန်စီးတီးပွဲတွေကို ဆက်လွဲမှာတော့ သေချာသလောက်ဖြစ်ပါတယ်။ ဒီဇင်ဘာလ ပွဲတွေလောက်မှ ပြန်ကစားနိုင်ပါမယ်။