သီယေဂိုကို ရောင်းထုတ်ဖို့နဲ့အတူ လီဗာပူး အပြောင်းအရွှေ့အတွက် အကြံပေးမှု ပြုလုပ်တဲ့ တိုက်စစ်မှူးဟောင်း

ဒီရာသီမှာ ဂျုံးစ်နဲ့ ထရန့်တို့ရဲ့ တောက်ပလာမှုဟာ လီဗာပူးကို ပြောင်းရွှေ့ကြေး များစွာ သက်သာစေမှာ ဖြစ်ပေမယ့်လို့ ကလပ်ဟာ ကွင်းလယ် ပြန်တည်ဆောက်မှုတွေ လုပ်ရဖို့ ရှိပါတယ်။

ကြံ့ခိုင်မှုပိုင်း မကောင်းတဲ့ သီယေဂိုကို ရောင်းချပြီး သူ့လောက်နီးနီး ကောင်းတဲ့ ပိုငယ်ရွယ်တဲ့ ကစားသမားကို ခေါ်ယူသင့်တယ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်က မာဆေးဆိုဒ် သတင်းဌာနမှာ သတင်းတစ်ပုဒ် ရေးသား ဖော်ပြလာပါတယ်။

ဂျွန်အဲဒရစ်က ” ကျွန်တော်တို့ဟာ ကွင်းလယ် ပြုပြင်ပြောင်းလဲရေးအတွက် ပြင်ဆင်နေသလို ဒီနွေရာသီမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာပါ။ နောက်ရာသီမှာ ဘာဆီတစ် ပြန်လာဖို့ ရှိနေသေးပေမယ့် တခြားသော ဒဏ်ရာရ စပိန်ကစားသမားရဲ့ အနာဂတ်က မရေမရာ ဖြစ်နေလောက်ပါတယ်။

ထရန့်က အခုဆိုရင် ကွင်းလယ်နေရာတွေကို ပြောင်းလဲကစားနေပြီး ကစားသမားသစ် ၂ယောက် ၃ယောက်လောက် ရောက်လာဖို့ ရှိနေတာနဲ့အတူ သီယေဂိုရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲ ဘယ်လိုရှေ့ဆက်မလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်။

သီယေဂိုဟာ လီဗာပူးအသင်း ပွဲတွေရဲ့ တစ်ဝက်လောက်ကိုသာ ကစားခဲ့ရပြီး အသက်အရွယ်လည်း ရလာပါတယ်။ ကလောပ့်က သူ့နေရာမှာ ပိုငယ်ရွယ်တဲ့ ကွင်းလယ်လူ တစ်ယောက်ကို ခေါ်ယူဖို့ရှိပြီး ကျွန်တော်တို့ကလပ်ရဲ့ အလုပ်လုပ်ပုံအရ တနည်းနည်းနဲ့ ငွေရှာဖို့ လိုအပ်ပါတယ်။

သီယေဂို ကောင်းသလောက် ကောင်းဖို့လိုသလို အမြဲတမ်း ကြံ့ခိုင်မှုပြည့်ဝပြီး ငယ်ရွယ်သွက်လက်တဲ့ ကစားသမားမျိုးကို လိုအပ်တာပါ။ ကာတစ်ဂျုံးစ်နဲ့ ထရန့်တို့ဟာ ဒီနွေရာသီမှာ ပေါင်သန်း ၁၀၀ လောက် သက်သာစေနိုင်မှာဖြစ်ပေမယ့် ထိပ်တန်း ကွင်းလယ်လူ နှစ်ယောက်လောက် လိုအပ်ဦးမှာပါ။

ဂျုံးစ်နဲ့ ထရန့်တို့ဟာ အနာဂတ်အတွက် အားကိုးလာရချိန် ဂျိမ်းစ်မီလ်နာနဲ့ ဖာမင်နိုတို့က ၈နှစ်ကြာ အန်ဖီးကစားသမားဘဝ အဆုံးသတ်ဖို့ နီးစပ်နေပါပြီ။ စနေနေ့ပွဲစဉ်ဟာ အန်ဖီးကွင်းမှာ သူတို့ကို နောက်ဆုံးအကြိမ် မြင်တွေ့ရနိုင်တာဖြစ်လို့ စိတ်ထိခိုက်ခံစားစရာ နေ့ရက်တစ်ရက် ဖြစ်လောက်ပါတယ်။

သူတို့နှစ်ယောက်အကြောင်း ဘာတွေပြောရမလဲ။ ကောင်းတာတွေပဲ ရှိပါတယ်။ ကျွန်တော်တို့အတွက် သူတို့ လုပ်ခဲ့တာတွေက မယုံနိုင်လောက်အောင်ပါပဲ။ ဖာမင်နိုရဲ့ စတိုင်က တခြား တိုက်စစ်မှူးတွေနဲ့ အရမ်းကွာခြားပါတယ်။

ဂျိမ်းမီလ်နာဟာ လီဗာပူးသမိုင်းမှာ အကောင်းဆုံး အလွတ်ခေါ်ယူမှုလို့ ဆိုရမှာပါ။ ကွင်းထဲမှာတင်မက အဝတ်လဲခန်းထဲမှာပါ မီလ်နာ ဘယ်လို လွှမ်းမိုးခဲ့လဲဆိုတာ လူတွေ သိပ်မသိလောက်ပါဘူး။ သူက အတုယူစရာ ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်ပြီး အများကြီး လုပ်ပြနိုင်စွမ်း ရှိပါသေးတယ်။

ဒီနွေရာသီမှာ လီဗာပူးက ဘယ်သူတွေကိုပဲ ခေါ်ခေါ် ဒီအသင်းအတွက် မီလ်နာပေးခဲ့တဲ့ အကူအညီတွေကို အပြည့်အဝ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ” လို့ ရေးသားသွားတာ ဖြစ်ပါတယ်။