ချယ်ဆီးပွဲမှာ ဆာလာ၊ ထရန့်၊ ဗန်ဒိုက်ကို အနားပေးဖွယ်ရှိကြောင်း အသင်းသတင်းထောက် ထုတ်ပြောလာ

ဒီကနေ့ည ချယ်ဆီးနဲ့ လီဗာပူးပွဲမှာ နည်းပြကလော့ပ်ဟာ လူစာရင်း အပြောင်းအလဲ ပြုလုပ်နိုင်တယ်လို့ အသင်းသတင်းထောက် Paul Joyce က The Times ကနေ ဖော်ပြလာပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရမှာ စိုးရိမ်စိတ်တွေကို မြင့်တက်စေခဲ့တဲ့ မန်စီးတီးကို ပက်ပက်စက်စက် ရှုံးပွဲအပြီး လီဗာပူး အဝတ်လဲခန်းဟာ နည်းပြကလော့ပ်ထံက ပြင်းထန်တဲ့ ဝေဖန်မှုတချို့ကို ခံခဲ့ရတယ်လို့ ခံစစ်မှူး ဗန်ဒိုက်က ဝန်ခံထားပါတယ်။

ပွဲပြီးပြီးချင်း တင်းနေတဲ့ ကလော့ပ်ဟာ သူ့ကစားသမားတွေကို ဘာမှမပြောနိုင်ခဲ့ပဲ တနင်္ဂနွေနေ့ တွေ့ဆုံပွဲကျမှ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ ပါဝင်တဲ့ အကန့်အသတ်မရှိ ဆွေးနွေးပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

စိတ်ဓါတ်ပိုင်းနဲ့ စွမ်းဆောင်ရည် ကျဆင်းနေမှုကနေ ပြန်ရုန်းထနိုင်ရေး အပြောင်းအလဲ တစ်ခုအတွက် ချယ်ဆီးပွဲမှာ အဓိက ကစားသမား အချို့ကို အနားပေးဖို့ ကလော့ပ် စီစဉ်ထားတယ်လို့ Paul Joyce က ဖော်ပြလာပါတယ်။

ဂိုးမက်စ်၊ ဖာမင်နို၊ မာတစ်နဲ့ ဒါဝင်တို့ဟာ ချယ်ဆီးပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာနိုင်ပြီး ထရန့်၊ ဗန်ဒိုက်နဲ့ ဆာလာတို့ အနားပေးခံရနိုင်တယ်လို့ ဖော်ပြလာတာပါ။ ဒါဟာ ဒဏ်ရာကြောင့်ထက် နည်းစနစ်ပိုင်းအရ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။