လီဗာပူးအသင်းက နံပါတ် ၁၀ ဂျာစီ ပေးရမယ့် ကစားသမား ရှာတွေ့ထားပြီလို့ ဖော်ပြလာ

ကလော့ပ်နဲ့ FSG တို့ဟာ ဒီနွေမှာ ဗျူဟာမြောက်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်ထားပြီဖြစ်ကာ လီဗာပူးနည်းပြဖြစ်သူက ကွင်းပြင်ပ ဆုံးဖြတ်ချက်တွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ကွင်းလယ်ဟာ လီဗာပူးအသင်း အတော်လေး အာရုံစိုက်လိုတဲ့နေရာ ဖြစ်နေဆဲပါပဲ။ ဘရိုက်တန်မှ အယ်လစ္စတာ၊ ချယ်ဆီးမှ မေဆန်မောင့်၊ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်တို့ဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ်တွေအဖြစ်လည်း ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

Caught Offside က ဖော်ပြတဲ့ သတင်းတစ်ရပ်မှာတော့ လီဗာပူးအသင်းဟာ အသက် ၂၄ နှစ်အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ အယ်လစ္စတာကို ကျောနံပါတ် ၁၀ ပေးဖို့ထိ ရည်ရွယ်ထားတယ်လို့ သိရတယ်။ အဆိုပါ နံပါတ်ကို မာနေး နောက်ဆုံး ဝတ်ဆင်ခဲ့တာဖြစ်ပြီး သူထွက်သွားပြီးတည်းက ဝတ်ဆင်သူမရှိ ဖြစ်နေပါတယ်။

ရိုမန်နိုကတော့ လီဗာပူးအသင်းဟာ ကွင်းလယ်လူရဲ့ ကို်ယ်စားလှယ်တွေထံ အပြောင်းအရွှေ့ စကားပြောဆိုမှုနဲ့အတူ ကလပ်ရဲ့ ပရော်ဂျက်တွေကို ပေးပို့ထားတယ်လို့ သိရပါတယ်။

“ လီဗာပူးက အယ်လစ္စတာကို ခေါ်ယူဖို့ အခွင့်အရေး ရှိပါတယ်။ သူတို့နဲ့ အယ်လစ္စတာကြားမှာ ဆွေးနွေးနေမှုလည်း ရှိပါတယ်။ ခိုင်မာတဲ့ ဆွေးနွေးညိနှိုင်းမှု ဖြစ်သလို အရေးကြီးတဲ့ ကမ်းလှမ်းမှုလည်း ပေးပို့ထားခဲ့တယ်။ အယ်လစ္စတာနဲ့ ပတ်သက်တဲ့ ပရော်ဂျက်တွေကိုလည်း ဆွေးနွေးမှု လုပ်ထားခဲ့ကြပါတယ် ” လို့ ရိုမန်နိုက ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ မက်အယ်လစ္စတာကို ခေါ်ယူရေး ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဝန်းကျင်နဲ့အတူ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ဝန်းကျင် ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။ ဘရိုက်တန် ကွင်းလယ်လူဟာ လက်ရှိ ကလပ်မှာ လုပ်ခ ပေါင် ၅၀၀၀၀ ဝန်းကျင် ရရှိနေသူ ဖြစ်ပါတယ်။