လိုအပ်ချက်တွေ များခဲ့တာတောင် လီဗာပူးအသင်းသားတွေရဲ့ အောင်မြင်မှု ဆာလောင်စိတ်ကို ပြန်မြင်ခဲ့ရတဲ့ စိန့်နိုင်ပွဲ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အဖြစ် ဆောက်သမ်တန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ၃-၂ ဖြင့် အနိုင်ရခဲ့ကာ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်သွားပြီဖြစ်ပါတယ်။

လီဗာပူးအသင်းကို နှစ်ရှည်လများ အားပေးခဲ့သူတစ်ဦးအနေနဲ့ ဒီပွဲအတွက် ခံစားချက်ကို ပြောရမယ်ဆိုရင် အသင်းဟာ လိုအပ်ချက် သိပ်များပါတယ်။ သေချာပေါက် ရမှတ်ဖြတ်ရမယ့် ပွဲမှာ ဒီလောက်ကြီး ရုန်းကန်နေရတာဟာ အထင်ကြီးဖို့ ခက်ခဲတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် ရာနှုန်းပြည့် ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသင်းသားတွေထံက အောင်မြင်လိုစိတ်ကို မြင်ရတဲ့ပွဲမို့ပါပဲ။ ဒီစိတ်ဟာ အသင်းဘယ်လောက်ပဲ ခြေစွမ်းဆိုးဆိုး ဆွဲတင်သွားနိုင်စွမ်း ရှိပါတယ်။

ပွဲကြိုမှာ ကျနော်တို့ ပြောခဲ့တဲ့အတိုင်း ပွဲပန်းနေတဲ့ တောင်အမေရိက ကစားသမားတွေကို အနားပေးပြီး ဒါဝင် တစ်ဦးတည်းကိုပဲ ထုတ်သုံးခဲ့ပါတယ်။ ခံစစ်မှာ ထရန့် မပါနိုင်ခဲ့တာကြောင့် ဘရတ်ဒလေကို ထုတ်သုံးခဲ့ပါတယ်။

နည်းပြဆလော့ဟာ သူ့ရဲ့ ကွင်းလယ်ပုံစံသစ်မှာ ဂရာဗင်ဘက်ချ်ကို တစ်ဦးတည်း နံပါတ် ၆ သမားအဖြစ် သုံးလိုခဲ့ဟန်ရှိပြီး ဂျုံးနဲ့ ဆိုဘိုအတွဲကို ရှေ့မှာ အင်ဂျင်တွေလို ပြေးလွှားစေခဲ့ပါတယ်။ ကနဦးမှာ အလုပ်မဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဆိုဘိုရဲ့ သွင်းဂိုးဟာ ဂျုံး၊ ဆိုဘိုတို့ရဲ့ လှုပ်အားနှုန်းတွေဖြင့် အာရုံစိုက်မှုကပဲ ရလာခဲ့တာဖြစ်ပေမယ့် ဒီပွဲမှာ လီဗာပူးကို ဆွဲချခဲ့တာက တစ်ဦးချင်း အမှားတွေကြောင့်ပါပဲ။

ဒီနေရာမှာ တစ်ခုပြောရရင် ရိုဘိုရဲ့ ခြေစွမ်းဟာ မကောင်းခဲ့ပါဘူး။ ဒါပေမယ့် စိန့်ကွင်းက လီဗာပူးပရိသတ်တွေက ရိုဘိုကို ဆက်တိုက် ထောက်ခံပြီး နာမည်နဲ့ သီချင်းတွေ သီဆိုအားပေးခဲ့ကာ စကော့သားကြီးရဲ့ အမှားတွေကို ခွင့်လွှတ်တယ်လို့ ကွင်းထဲမှာ ပြသခဲ့တာပါပဲ။ ဒါဟာ လီဗာပူးပရိသတ်တွေရဲ့ ဘောကြောနပ်မှုပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ကီးဘုတ်ဖိုက်တာတွေဟာ မကျေနပ်တာ၊ သဘောမကျတာဆိုရင် ချက်ခြင်း လူမှုကွန်ယက်ပေါ်မှာ တက်ချဲတော့တာပါပဲ။ ကွင်းထဲက အားပေးနေတဲ့ပရိသတ်တွေကျ ကစားပွဲ အလှည့်အပြောင်းဖြစ်ဖို့ သူတို့ ဘာလုပ်ရမယ်ဆိုတာကို သူတို့ သိပါတယ်။ ရိုဘိုကို ချက်ခြင်း အားပေးသံတွေဖြင့် ဆွဲခေါ်ပေးသွားခဲ့ပါတယ်။

အသင်းဟာ လိုအပ်ချက်တွေ အမှားတွေကြောင့် ၂-၁ ဖြင့် နောက်က လိုက်ကစားခဲ့ရပေမယ့် အရမ်းကြီး ပြာပန်းခတ်မနေဘဲ နိုင်လိုစိတ်ကို ရင်ထဲထည့်ကာ ခြေပဂိုးတွေ၊ ဦးဆောင်ဂိုးတွေ ပြန်သွင်းခဲ့ပါတယ်။ လိုအပ်တဲ့ရလဒ်ကို ယူနိုင်ခြင်းအတွက်ကော အသင်းသားတွေထံက ဒီစိတ်ဓါတ်ကို မြင်ရခြင်းအတွက်ပါ အားရမိပါတယ်။

လီဗာပူးအသင်းနဲ့ ဆာလာဦးဆောင်တဲ့ အသင်သားတွေဟာ ချန်ပီယံဖြစ်တဲ့ အရသာကို မမေ့သေးပါဘူး။ စိန့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။