ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အာဆင်နယ်ကို ဥပမာယူဖို့ အာနယ် ဆလော့ သတိပေး

ဆောက်သမ်တန်ကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၈ မှတ်ထိ ဖြတ်ထားနိုင်ခြင်းဟာ သာယာပျော်ရွှင်နေရမယ့် အနေအထား မဟုတ်ဘူးလို့ အာနယ် ဆလော့က ပြောပါတယ်။

အခုမှ ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲပဲ ကစားရသေးကာ လီဗာပူးအသင်းဟာ မန်စီးတီး၊ စပါးတို့လို ပြိုင်ဘက်တွေကို ရင်ဆို်င်ရဦးမှာပါ။ ပြိုင်ဘက်တွေထက် နိုင်ပွဲနည်းနည်း ပိုယူနိုင်လို့ ရမှတ်ကွာခြားချက် များနေတာပါလို့ ဆလော့က အသိပေးလာပြီး အတိတ်က ပြိုင်ဘက်တွေထံကနေ ဥပမာယူဖို့လည်း တိုက်တွန်းပါတယ်။

ဆလော့က ထောက်ပြရာမှာ “ ဒီဦးဆောင်နိုင်မှုနဲ့အတူ ဒီနိုင်ပွဲတွေက ကျနော်တို့ ရယူနိုင်ရမယ်ဆိုတာ သိပါတယ်။ ကျနော်တို့ ၁ ပွဲ ၂ ပွဲလောက် နိုင်လိုက်တာက အခုလို ရမှတ်တွေ ပြတ်သွားစေတာ ဆိုပေမယ့် အသင်းတိုင်းကြားမှာ ကွာခြားချက်က သေးသေးလေးပဲရှိပါတယ်။

ပရီးမီးယားလိဂ်မှာက နိုင်ပွဲ ၁ ပွဲရဖို့ ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာ ကျနော် သိပါတယ်။ အရင်နှစ်တွေက ဘောလုံးရာသီမှာဆိုရင် ဘောလုံးရာသီ နောက်ပိုင်းမှာ မန်စီးတီးဟာ သူတို့ကို ၈ မှတ်ဖြတ်ထားတဲ့ အာဆင်နယ်ကို အမှီလိုက်ခဲ့တာပါ။

အာဆင်နယ်၊ စီးတီး၊ ချယ်ဆီးနဲ့ စပါးတို့ အားလုံးဟာ အသင်းကောင်းတွေဖြစ်ပြီး ဆက်တိုက် နိုင်ပွဲတွေကို ယူနိုင်တဲ့ အသင်းမျိုးတွေ ဖြစ်ပါတယ်။ ဇယားထိပ်မှာ ရှိနေရတာ ကောင်းတယ်ဆိုပေမယ့် သာယာနေလို့ မရပါဘူး ” လို့ ဆိုသွားခဲ့တာပါ။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ အာဆင်နယ်ဟာ ဇန်နဝါရီလလယ်ထိ မန်စီးတီးကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေထိခိုက်လာပြီး ၅ မှတ်အကွာ ဒုတိယနေရာကနေ ရာသီသိမ်းခဲ့ဖူးတာ ဖြစ်ပါတယ်။