တစ်ကိုယ်ကောင်းဆန်တဲ့ ဆာလာ၊ စာချုပ်ကိစ္စ နှုတ်အားဖြင့် သဘောတူမှုရထားခြင်း၊ ထရန့်ရဲ့ ဗီဒီယိုက ဖုန်းကြေညာဖြစ်နိုင်ခြင်းနဲ့ နံနက်ခင်း လီဗပြူးသတင်းတိုများ

မိုဆာလာရဲ့ စာချုပ်ကိစ္စ စိတ်ပျက်ကြောင်း ထုတ်ပြောမှုဟာ ဂယက်ကြီးတွေ ထနေခဲ့ပြီဖြစ်ကာ တကယ့်ပွဲကြီးတွေ လာနေချိန်မှာ ထပြောခြင်းကြောင့် အီဂျစ်သားက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ ကာရေဂါတို့ စတင် ဝေဖန်နေပါပြီ။

မာဆေးဆိုဒ်သတင်းထောက် အချို့ကတော့ ဆာလာဟာ ရီးရဲလ်နဲ့ မန်စီးတီးတို့လို ပွဲကြီးတွေ အနီးမှာ ဘောလုံးလောကကြီးက သူ့ကို အာရုံစိုက်လာအောင် စာချုပ်ကိစ္စ ထဖော်ခဲ့ခြင်းလို့ ဖော်ပြနေပါတယ်။ တကယ်တမ်း စာချုပ်စကားပြောမှုက ဆာလာ ပြောသလောက် အခြေအနေ မဆိုးဘူးလို့ ဆိုပါတယ်။

ဆာလာရဲ့ စာချုပ်ကိစ္စဟာ ဆွေးနွေးမှု မရှိတာမျိုး မဟုတ်ဘဲ နှစ်ဘက်တာဝန်ရှိသူတွေကြား အကောင်းမြင်စရာ အနေအထားတစ်ရပ်ထံ ရောက်ရှိမယ်လို့ မျှော်လင့်ရပေမယ့် နှုတ်အားဖြင့်ပဲ စကားပြောနေကြဆဲ အခြေအနေလို့ The Atheltic က ဖော်ပြပါတယ်။

စာချုပ်သစ်ကိစ္စဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာတင် ထူးခြားသင့်တာဖြစ်ပြီး အခုလို ဆာလာ ထုတ်ပြောမှ ဖြေရှင်းချက်တွေဖြင့် ပြူးပြူးပြာပြာ ဖြစ်နေတာမျိုးက စိတ်ပျက်စရာအဖြစ် တုန့်ပြန်မှုတွေလည်း ထွက်နေပါတယ်။

ဆာလာ တစ်ကိုယ်ကောင်းဆန်တယ်ဆိုရင် ပိုင်ရှင်အဖွဲ့လည်း တစ်ကိုယ်ကောင်းဆန်ကြတာဖြစ်ပြီး ဒီလိုတွေဖြစ်လာနိုင်တာ သိပါလျက် ဘာကြောင့် အချိန်ဆွဲနေသလဲ ပြစ်တင်မှုတွေလည်း မနည်းပါဘူး။

အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာရှိ သတင်းထောက်အချို့ကတော့ လီဗာပူးနဲ့ ဆာလာ စာချုပ်ကိစ္စဟာ အွန်လိုင်းပေါ်က ဝေဖန်မှုတွေလောက်နဲ့ အဆုံးသတ်မယ့် ပေါ့သေးသေး ကိစ္စ မဟုတ်ကြောင်းနဲ့ သက်တမ်းတိုး စကားပြောမှုက အကောင်းမြင်စရာ အခြေအနေပါလို့ ဖော်ထုတ်လာပါတယ်။

David Ornstein ကတော့ ဆာလာနဲ့ လီဗာပူး စာချုပ်က သက်တမ်းတိုးဖို့ သဘောတူထားကြပြီဖြစ်ကာ တရားဝင်ကိစ္စတွေ မစသေးတာပဲရှိတယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဆိုဒီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကို စောင့်ကြည့်နေသလို ကွင်းလယ်အတွက် လီဗာပူးမှ ဂရာဗင်ဘက်ချ်အားလည်း စောင့်ကြည့်စာရင်းထဲ ထည့်ထားပါတယ်။

ဒီကြားရက် ချန်ပီယံလိဂ်ပွဲမှာတော ရီးရဲလ်တိုက်စစ်သမား ဗင်နီးဆီးယက်စ်ဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ထရန့်က သူ့အိမ်နားမှာ ရိုက်ခဲ့တဲ့ ဗီဒီယိုဟာ နှုတ်ဆက်ဗီဒီယိုထက် ဖုန်းကြော်ငြာ ဗီဒီယို ရိုက်ကူးတာဖြစ်နိုင်ကြောင်း အင်စတာဂရမ်မှာတင်ခဲ့တဲ့ ပုံကို ကြည့်ပြီး ပရိသတ်အချို့က မှတ်ချက်ပေးနေပါတယ်။