လီဗာပူးမှာ ဆက်နေဖို့ထက် ထွက်သွားဖို့များပါတယ် ဆိုတဲ့ ဆာလာရဲ့ မှတ်ချက်ဟာ ဂယက်တွေ ထနေပေမယ့် အာနယ် ဆလော့ကတော့ သိပ်စိတ်မဝင်စားပါဘူး။
အာနယ် ဆလော့အတွက်ကတော့ ရောက်လာနေတဲ့ ပွဲတွေမှာ အကောင်းဆုံးရလဒ် ထွက်ပေါ်ရေး အကောင်းဆုံး လူစာရင်းနဲ့ စွမ်းဆောင်ရည်က အဓိကဖြစ်ဟန် တူပါတယ်။
ဆာလာနဲ့ပတ်သက်တဲ့ မေးခွန်းအတွက် “ အခုချိန်မှာ ကျနော် ပြောနိုင်တာ တစ်ခုတည်းကတော့ ကျနော်ရဲ့ လူစာရင်းမှာ ဆာလာ မပါဖို့ထက် ပါဖို့က ပိုများပါတယ် ” လို့ သူ့စတိုင်အတိုင်း အာနယ် ဆလော့က ခပ်ပြုံးပြုံးပဲ ပြန်ဖြေပါတယ်။
လူတွေက ကာရေဂါပြောတဲ့ထဲက သူတို့ မကြိုက်တဲ့ အချက်ကိုပဲ ပွဲလုပ်နေကြပေမယ့် လီဗာပူးခံစစ်မှူးဟောင်း ပြောတဲ့ ကောင်းတဲ့အချက်တွေကိုပဲ ပိုပြီး အာရုံစိုက်ဖြစ်တယ်လို့ ဆလော့က ဆက်ပြောပါတယ်။
အာနယ် ဆလော့ကပဲ “ ကာရေဂါ ပြောတဲ့အထဲမှာ မိုဆာလာက လီဗာပူးသမိုင်းမှာ ရဖူးတဲ့ အကောင်းဆုံး ကစားသမား ၅ ဦးထဲက ၁ ဦးဆိုတာ ပါပါတယ်။ သူပြောတဲ့ အချက်ကို ကျနော် အပြည့်အဝ ထောက်ခံပါတယ်။
လီဗာပူးလို အသင်းမှာ ကစားသမားကောင်းတွေ အများကြီး လာကစားဖူးတာမို့ ဒီလို သမိုင်းတစ်လျှောက် အကောင်းဆုံးတွေထဲ ပါနိုင်ဖို့ဟာ မလွယ်ပါဘူး။ မိုအတွက်လည်း စာချုပ်ကြောင့် အာရုံပြောင်းတာတွေ ဖြစ်မှာ မဟုတ်ဘူး။ သူ့ စွမ်းဆောင်ရည်ကို ကြည့်ရင် ပိုတောင် ကောင်းပြလာနေသေးတယ်။
ကျနော် ပြောခဲ့သလိုပဲ ကျနော်ရဲ့ အာရုံစိုက်မှုဟာ လာမယ့်ပွဲမှာပဲ ရှိပါတယ်။ ကြီးကျယ်တဲ့ ပွဲတစ်ပွဲ ရောက်လာနေချိန်မှာ ဒါကိုပဲ အာရုံစိုက်ထားတယ်။
အခြားသော ကစားသမားတွေကို ကျနော် ပြောလေ့ရှိသလိုပဲ မိုကိုလည်း သူ့ထံက အများကြီး မျှော်လင့်ထားတယ်လို့ အသိပေးထားတယ်။ သူ့ရဲ့ မှတ်ချက်က ကျနော် အပေါ်မှာကော အသင်းဖော်တွေအတွက်ပါ ဘာသက်ရောက်မှုမှ မရှိပါဘူး။ ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။
မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က အာနယ် ဆလော့ကို ရွေးချယ်ခြင်းမှာ စကားပြောစွမ်းရည် ပါးနပ်ခြင်းက အချက်တစ်ချက်လို့ သိထားရတာ မမှားပါဘူး။ နယ်သာလန်သားဟာ ဖိအားတွေကို ကိုင်တွယ်နိုင်စွမ်း ရှိသူပဲဖြစ်ပါတယ်။