NEWS: ဒဏ်ရာရခဲ့တဲ့ ကိုနတေးနဲ့ ဘရတ်ဒလေတို့ ကံကောင်းကြဖွယ်ရှိ

ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်တဲ့ပွဲမှာ ဒဏ်ရာရခဲ့ကြတဲ့ ဘရတ်ဒလေနဲ့ ကိုနတေးတို့ဟာ အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

ဘရတ်ဒလေက ဖြတ်ထုတ်ခံရရာကနေ ကြွက်တက်တဲ့ ပုံစံဖြစ်ခဲ့တာဖြစ်ကာ ကိုနတေးကလည်း ပွဲပြီးခါနီး ဝင်တိုးခံလိုက်ရရာက နာကျင်မှုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြဆလော့က “ အခုချိန်ထိ မသိသေးပါဘူး။ သူတို့ နာကျင်မှုတွေရှိခဲ့တာကို သိပေမယ့် ပွဲပြီးပြီးချင်း ဒဏ်ရာ အခြေအနေ ဘယ်လိုလဲ အကဲဖြတ်နိုင်ဖို့က ခက်ခဲပါတယ်။

မန်စီးတီးပွဲအတွက် နှစ်ယောက်လုံး ပါနိုင်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ခဲ့ရင် သူတို့နေရာ အခြားလူတွေနဲ့ အစားထိုးရပါလိမ့်မယ်။ ဒီတော့ ဒီရာသီမှာ လူတိုင်းက ရှေ့ထွက်လာပေးဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ ” လို့ ဆိုခဲ့တာပါ။

နောက်ပိုင်း ကြားသိလာရတာကတော့ ဘရတ်ဒလေ အခြေအနေ မပြင်းထန်သလို သူ့နေရာမှာ အစားထိုးဖို့ဖြစ်လာရင် ဒဏ်ရာကနေ ပြန်သက်သာတဲ့ ထရန့်က အဆင်သင့်ရှိနေပါလိမ့်မယ်။ အင်္ဂလန်သား ညာအစွန်လူဟာ တံကောက်ကြော နာကျင်မှုကနေ ၂ ပတ်ခွဲကြာ အနားယူခွင့်ရထားပြီ ဖြစ်ပါတယ်။

ကိုနတေးကတော့ ပြင်းထန်ဒဏ်ရာကနေ ရှောင်လွဲနိုင်ခဲ့ကာ မန်စီးတီးပွဲ ပါဝင်နိုင်မယ်လို့ မာဆေးဆိုဒ် ဒေသခံ သတင်းသမားအချို့က ထုတ်ဖော်မှုတွေ ရှိနေတာဖြစ်ပါတယ်။

အကယ်လို့ ပွဲနေ့ ကြံ့ခိုင်မှု မပြည့်ခဲ့ရင် ဂိုးမက်စ် ဒါမှမဟုတ် ကွမ်းဆက်ကို ဗန်ဒိုက်နဲ့ တွဲဘက်ပေးနိုင်မှာဖြစ်ပါတယ်။