လီဗာပူးအသင်းသားတွေဟာ ကိစ္စတွေကို ပိုကြီးသွားစေတဲ့ ကာရေဂါရဲ့ သုံးသပ်ချက်ကို မကြည်ဘူးလို့ ရိုဘိုက နောက်နောက်ပြောင်ပြောင်ဖြင့် အသိပေးသွားပါတယ်။
ဆာလာရဲ့ သက်တမ်းမတိုးနိုင်ခြင်းကြောင့် နေဖို့ထက် ထွက်သွားဖို့ များပါတယ်လို့ ပြောဆိုမှုအား ကာရေဂါက စိတ်ပျက်မိကြောင်းနဲ့ ပွဲကြီးတွေ ရောက်လာချိန် အီဂျစ်သားက တစ်ကိုယ်ကောင်းဆန်စိတ် များနေတယ်လို့ ဝေဖန်ခဲ့တာပါ။
လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရအပြီး CBS Sports ရဲ့ အင်တာဗျူးမှာ ကာရေဂါနဲ့ ပတ်သက်လို့ ဆာလာနဲ့ လီဗာပူး ကစားသမားတွေ ဘယ်လို တုန့်ပြန်နေကြလဲ မေးခွန်းထုတ်ခဲ့ကြတယ်။ ရိုဘိုကတော့ အသင်းဖော်တွေ ကာရေဂါကို သိပ်တော့ မကြည်ကြဘူးလို့ အရွှန်းဖောက်ခဲ့ပါတယ်။
“ ဒီအပတ် အဝတ်လဲခန်းမှာ ကာရေဂါတစ်ယောက် ဝေဖန်ခံနေရပါတယ်။ အဲ့ဒါတော့ သေချာပါတယ် ” လို့ ရော်ဘတ်ဆန်က ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အောက်တိုဘာလတည်းက ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ ၃ ဦးလုံးနဲ့ စာချုပ်သစ်ကိစ္စ စတင် စကားပြောနေခဲ့ပြီဖြစ်ပါတယ်။ စကားပြောမှု ရှေ့ဆက်နေဆဲဖြစ်ကာ တိုးတက်တဲ့ အခြေအနေမျိုး မရောက်သေးမချင်း တရားဝင် ကမ်းလှမ်းမှု စတင်မှာ မဟုတ်ပါဘူး။
သူတို့ ၃ ယောက်ထဲမှာ ဗန်ဒိုက်ကို သက်တမ်းတိုးနိုင်ဖို့က အနီးစပ်ဆုံးဖြစ်ပြီး ကျန် ၂ ဦးရဲ့ အခြေအနေက မတင်မကျဖြစ်နေဆဲလို့ လီဗာပူးဒေသခံ သတင်းထောက်တွေက ပြောဆိုနေပါတယ်။
ဗန်ဒိုက်ကိုယ်တိုင်ကတော့ စာချုပ်အကြောင်း မပြောလိုသေးပဲ လာမယ့် မန်စီးတီးပွဲကိုပဲ အာရုံစိုက်ထားတယ်လို့ ရီးရဲလ်ပွဲအပြီး ဖြေဆိုပေးထားတာ ဖြစ်ပါတယ်။