လီဗာပူးအသင်းဟာ နည်းပြသစ် အာနယ် ဆလော့ လက်ထက်မှာ ကွင်းလယ်ခံစစ်ကို အားဖြည့်ရေးအား ဦးစားပေးအဖြစ် ရွေးချယ်ထားဆဲဖြစ်ပါတယ်။
နွေတုန်းက ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူခွင့်အား လီဗာပူးဘက်က အသက်သွင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြောစရာဖြစ်လောက်တဲ့ ဂယက်တွေနဲ့အတူ မအောင်မြင်ခဲ့ပါဘူး။
အနာဂတ်မှာ ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်နေဆဲလို့ The Athletic ရဲ့ အပြောင်းအရွှေ့ ကဏ္ဍကနေ သတင်းထောက် James Pearce က ဖော်ပြလာတယ်။
“ လီဗာပူးဘက်က ဇူဘီမန်ဒီဟာ နည်းပြဆလော့ လိုချင်နေတဲ့ နံပါတ် ၆ ရိုးအတွက် ပြီးပြည့်စုံမှု အရှိဆုံးသော ကစားသမားဖြစ်တယ်လို့ ခံစားထားရတယ်။ ဩဂုတ်လနောက်ပိုင်းမှာလည်း သူတို့ဟာ နံပါတ် ၆ နေရာအတွက် အခြားသော အရံ ပစ်မှတ်ကိုတောင် မရှာဖွေထားပါဘူး။
လီဗာပူးဘက်ကတော့ ဇူဘီမန်ဒီလို တူညီတဲ့ အရည်အချင်းတွေရှိနိုင်မယ့် နောက်ထပ် ကစားသမား ၁ ဦး ထပ်ရှိနေမယ် မခံစားရပါဘူး။ စပိန်လက်ရွေးစင်အပေါ် လီဗာပူးရဲ့ အထင်ကြီးမှုက လက်ရှိချိန်ထိ အားကောင်းနေဆဲပါပဲ ” လို့ ၎င်းက ရေးသားသွားခဲ့တယ်။
ဒီနွေတုန်းက လီဗာပူးတာဝန်ရှိသူတွေနဲ့ ဇူဘီမန်ဒီကြား အကောင်းမြင်စရာ ဆွေးနွေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အသင်းဘက်က တရားဝင် ကမ်းလှမ်းမှု စတင်ပေမယ့် ဆိုစီဒက်ဘက်က သဘောမတူဘဲ ကစားသမားကို ဆက်နေပေးဖို့ ဖိအားပေးခဲ့တာပါ။
“ ဇူဘီမန်ဒီဟာ ကနဦးမှာ လီဗာပူးကို ပြောင်းလာဖို့ သဘောတူခဲ့ပေမယ့် ဆိုစီဒက်အကြီးအကဲတွေ ဖိအားပေးရာကနေ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့တာလို့ လီဗာပူး အကြီးအကဲတွေ ယုံကြည်ထားတယ်။
ဆိုစီဒက်နဲ့ ကစားသမားတို့ကတော့ အဲ့လိုဖြစ်ခဲ့တာမျိုး မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ် ” လို့လည်း James Pearce က ထပ်လောင်း အသိပေးလာခဲ့တာ ဖြစ်ပါတယ်။