လီဗာပူး ပြိုလဲမယ့်အချိန်ကို စောင့်နေတယ် ဆိုလာတဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက သူတို့ဟာ လီဗာပူးအသင်း ဖလားပြိုင်ဆိုင်မှုကနေ ခြေချော်ကျလာမယ့် အချိန်ကို စောင့်နေမယ်လို့ mind game စတင်သွားပါတယ်။

အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ ရမှတ်ကွာဟမှု ကြီးမားသွားပေမယ့် ကာလရှည် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကြားမှာ အာနယ် ဆလော့တို့ အသင်းကလည်း အမြင့်ဆုံး စွမ်းဆောင်ရည်ကနေ ကျဆင်းလာမယ့် အချိန်ဆိုတာ ရောက်လာလိမ့်မယ်လို့ အာတီတာက ပြောခဲ့တာပါ။

လီဗာပူးအသင်းဟာ အမြင့်ဆုံးလယ်ဗယ်မှာ ကာလရှည် ထိန်းထားနိုင်မှာ မဟုတ်ဘဲ တချိန်မှာ ခြေချော်ပြီး ရလဒ်တွေ ထိခိုက်လာမှာဖြစ်ကာ အဲ့အချိန်အတွက် အာဆင်နယ်က အဆင်သင့်ဖြစ်နေရမယ် ပြောပါတယ်။

“ ပရီးမီးယားလိဂ်မှာ ၁၀ လ တိုင်တိုင် ပုံစံကောင်း ထိန်းနိုင်ဖို့ဆိုတာ သိပ်ခက်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အရာအားလုံး အဆင်ပြေချင်ကြပေမယ့် စိတ်မကောင်းစရာက အဲ့လို မဖြစ်ကြပါဘူး။ တစ်ရက်မှာတော့ ပြိုလဲကျတာချည်းပါပဲ။

ဘယ်အချိန်မှာ မဆို ပြိုလဲသွားနိုင်တာပါပဲ။ သူတို့ အဲ့လို ပြိုလဲကျလာမယ့် အခြေအနေအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေရမယ်။

ဒါပေမယ့် ပြိုင်ဘက်အသင်း ရလဒ်က ကျနော်တို့ ထိန်းချုပ်နိုင်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်က အကောင်းဆုံး ကစားနိုင်ဖို့ အပေါ်မှာပဲ ထိန်းချုပ်နိုင်ပါတယ် ” လို့ အာတီတာက ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲစဉ် ၁၃ အဖြစ် ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပြီး လီဗာပူးနောက် ၆ မှတ်အကွာ ဒုတိယနေရာကို ပြန်တက်လာခဲ့တယ်။ လီဗာပူးအသင်းဟာ ဒီကနေ့ည အန်ဖီးမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။